တရုတ်စစ်လေယာဉ် အစင်း ၇၀ လောက်နဲ့ ရေတပ်စစ်သင်္ဘာ ၁၁ စီးကို ဧပြီ ၉ ရက်က ထိုင်ဝမ်နိုင်ငံ ပတ်လည်မှာတွေ့ရှိတယ်လို့ ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဌာနက ပြောကြားလိုက်ပြီး ဒီအထဲက စစ်လေယာဉ် ၃၅ စင်းဟာ ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် အနောက်တောင် ထောင့်ကို ဝင်ရောက်ပျံသန်းသွားခဲ့တယ်လို့ ထိုင်ဝမ်သတင်းမှာဖော်ပြပါတယ်။
တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့အဖြစ်ဆက်လက်ပြုလုပ်နေပြီး ထိုင်ဝမ်တိုက်လေယာဉ်တွေဟာလည်း ဧပြီလ ၉ ရက်၊ မနက်ပိုင်းက လေတပ်စခန်းတစ်ခုကနေ ပျံတက်ထွက်ခွာသွားပါတယ်။
တရုတ်နိုင်ငံရဲ့ ဒီစစ်ရေး လေ့ကျင့်မှုအတွင်း အသင့်ပစ်ခတ်နိုင်တဲ့ လက်နက်အစစ်တွေ ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်လေတပ်ဘက်ကလည်း တရုတ်ရဲ့ ရုတ်တရတ်ကျူးကျော်မှုအပေါ် တွန်းလှန်နိုင်ဖို့ တိုက်လေယာဉ်တွေ အရေးပေါ်ပျံတက်တဲ့အခါမှာ လက်နက်အစစ်တွေ ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။
တရက်တည်းမှာပဲ ဒီလိုတင်းမာမှုတွေ မြင့်တက်နေတုန်း ထိုင်ဝမ်မြောက်ပိုင်းက ဆိပ်ကမ်းမြို့ ကျီးလုံမှာ ရေတပ်နဲ့ ကမ်းခြေစောင့်သင်္ဘောတွေပါ ဆိုက်ကပ်ထားသလို တပ်ဖွဲ့ဝင်တွေကလည်း ကြိုတင် ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်လေတပ်ရဲ့ လေယာဉ် ၇၁ စင်း အပါအဝင် ရေတပ်သင်္ဘော ၉ စင်းကို ကျွန်းအနီးတစ်ဝိုက်မှာ တွေ့ခဲ့တယ်လို့ တနင်္ဂနွေနေ့အစောပိုင်းတုန်းက အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်မှာ တာဝန်ယူထားတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ဒုံးကျည်တပ်ဖွဲ့အပေါ် အထူးအလေးပေး စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်သားတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ တပ်ဖြန့်ချထားတဲ့ ဘယ်နားမှာမှန်း မသိရတဲ့ နေရာတစ်ခုမှာ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို ဧပြီ ၉ ရက်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ထိုင်ဝမ်စစ်တပ်က ဖြန့်ချိလိုက်ပါတယ်။
ထိုင်ဝမ်ကမ်းရိုးတန်း စောင့်တပ်က တရုတ်စစ်သင်္ဘောတစီးနဲ့ ထိပ်တိုက်တွေ့နေပုံ ရုပ်သံကိုလည်း ထိုင်ဝမ် သမုဒ္ဒရာရေးရာကောင်စီက ဧပြီ ၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ထိုင်ဝမ် စစ်သင်္ဘောဟာ တရုတ်စစ်သင်္ဘောနဲ့ ရေမိုင် ၃ မိုင်အကွာကို ရောက်နေပြီလို့ ကမ်းရိုးတန်းစောင့် အရာရှိက ပြောသံကိုလည်း ရုပ်သံထဲမှာ ကြားနေရပါတယ်။ ထိုင်ဝမ်ဟာ တရုတ် ဒုံးကျည်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံထားပြီး အမေရိကန် အစိုးရကလည်း သူတို့ပါ စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ဝိုင်းပတ်တိုက်ခိုက်ရေးသတိပေးချက်နဲ့အတူ ကင်းလှည့်တာနဲ့ "Joint Sword" စစ်ရေး လေ့ကျင့်ခန်းကို စတင်ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စနေနေ့က ကျွန်းကို ရေယာဉ်တွေ၊ တိုက်လေယာဉ်တွေ သမားရိုးကျဒုံးကျည်တွေ၊ လေယာဉ်တင်သင်္ဘော၊ တာဝေးပစ်ဒုံးပျံတွေ တပ်ဖြန့်ရင်း လေးဖက်လေးတန်ကနေ ဖိအားပေးခဲ့ပါတယ်။
အမိန့်တွေလက်ခံရရှိတာနဲ့ တပြိုင်နက် PLA အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုမှာ ပူးတွဲပါရှိတဲ့ တပ်ဖွဲ့နဲ့ တပ်ခွဲတွေက ပစ်မှတ်ဒေသတွေဆီကို အမြန် စုစည်းရင်း တိုက်ခိုက်ရေးပုံစံတွေကို ဖြန့်ကြက်ခဲ့တယ်လို့ (CCTV) သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်စစ်တပ်က PHL-191 ဒုံးပစ်လောင်ချာ စနစ်မျိုးစုံကို တပ်ဖြန့်ထားပြီး၊ ရေတပ်ကတော့ Type 052C ဖျက်သင်္ဘော၊ Type 22 ဒုံးကျည် ပစ်ခတ်နိုင်တဲ့ လှေတွေနဲ့ YJ-12B မြေပြင်အခြေစိုက် သင်္ဘောဖျက်ဒုံးကျည် စနစ်တွေကို စေလွှတ်ခဲ့ပြီး လေတပ်ကတော့ J-10C တိုက်လေယာဉ်တွေ၊ KJ-500 တစ်စီး၊ အစောပိုင်းသတိပေး လေယာဉ်နဲ့ YU-20 လောင်စာတင် လေယာဉ်တစ်စင်းနဲ့ ဒုံးပျံတပ်ဖွဲ့တို့က လေ့ကျင့်ရာမှာ DF-11 သမားရိုးကျ ပဲ့ထိန်းဒုံးကျည်များကို ပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။
အီလက်ထရွန်းနစ် စစ်ဆင်ရေးလေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ အပါအဝင် တခြား လက်နက်နှင့် ကိရိယာ အမျိုးအစားတွေလည်း ပါဝင် လေ့ကျင့်နိုင်တယ်လို့ဂလိုဘယ်တိုင်းမ် သတင်း ဌာနက ခန့်မှန်းထားပါတယ်။
DF-15 သမားရိုးကျ ပဲ့ထိန်းဒုံးကျည်၊ J-16 နှင့် J-10C တိုက်လေယာဉ် ဒါဇင်များစွာ၊ Y-8 ရေငုပ်သင်္ဘော ဖျက်လေယာဉ်၊ H-6K ဗုံးကြဲလေယာဉ်၊ Type 054A ဖရီးဂိတ်သင်္ဘောတွေ အပါအဝင် စစ်ရေးလေ့ကျင့်မှု အသေးစိတ်အချက်အလက်တွေကိုပါ ဂလိုဘယ်တိုင်းမ် သတင်းဌာနကရေးသားထားပါတယ်။
စစ်ရေး လေ့ကျင့်မှုအတွင်း PLA ရေတပ်ဖျက်သင်္ဘောတွေနဲ့ ဖရီးဂိတ်စစ်သင်္ဘောအ များအပြားဟာလည်း ထိုင်ဝမ်ကျွန်းနားကို အမြန်ရောက်လာပြီး အားသာမယ့် နေရာတွေကို ယူရင်း အနီးကပ်ချေမှုန်းရေး၊ တာဝေးပစ်တားဆီးမှုနှင့် လေကြောင်း ရန်ကာကွယ်ရေးတို့ကို လေ့ကျင့်ခဲ့ကြတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နဲ့ ထိုင်ဝမ် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုအားလုံးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် တရုတ်နိုင်ငံက မှတ်ယူထားတာပါ။
ထိုင်ဝမ်သမ္မတ အမေရိကန်နိုင်ငံကနေ ခရီးတထောက်ပြန်လာပြီးတဲ့နောက် ဧပြီလ ၈ ရက်က စပြီး သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည်မကြီး အစိုးရက စတင်ခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်ရဲ့ ထိန်းချုပ်မှုအောက်မှာထားဖို့ အင်အားသုံးမယ့် နည်းလမ်းကို ဘယ်သော အခါမှ မစွန့်လွှတ်တဲ့တရုတ်က ထိုင်ဝမ်ဟာ အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးမှာ အရေးကြီးဆုံးနဲ့ အထိမခံနိုင်ဆုံးအကဲဆတ်တဲ့ ပြဿနာလို့ ပြောခဲ့ပါတယ်။ တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်သမ္မတကို ခွဲထွက်ရေးသမားလို့ ယူဆထားပြီး ဆွေးနွေးကြဖို့ အကြိမ်ကြိမ် တောင်းဆိုမှုကို ငြင်းဆိုခဲ့ပါတယ်။