close

တရုတ်ထိပ်တန်းသံတမန်

close

March 28, 2023

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနှင့် အာဆီယံအတွင်းရေးမှူးချုပ် ပေကျင်းတွင် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိဟာ မတ်လ ၂၇ ရက်က ပေကျင်းမြို့မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ခါအိုခင်မ်ဟွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်က အာဆီယံရဲ့ အကြီးဆုံး အိမ်နီးချင်းအနေနဲ့ တရုတ်နိုင်ငံဟာ အာဆီယံကို စိတ်ရင်းမှန်နဲ့ ကိုယ်ကျိုးမဖက်ဘဲ အမြဲတမ်း ထောက်ခံအားပေးခဲ့ကြောင်း၊ အခြေအနေသစ်အရ အာဆီယံရဲ့ ပေါင်းစည်းမှုနဲ့ အသိုက်အဝန်း တည်ဆောက်မှုကို တရုတ်နိုင်ငံက အခိုင်အမာ ဆက်ပြီး ပံ့ပိုးသွားမှာဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုကို ပံ့ပိုးကူညီသွားမှာဖြစ်သလို အာဆီယံဗဟိုပြု ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဗိသုကာကို ထိန်းသိမ်းရာမှာလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဝမ်ယိက ပြောပါတယ်။

တရုတ်နဲ့ အာဆီယံရှိ လူ ၂ ဘီလီယံကျော်အတွက် ခေတ်မီအောင် လုပ်ဆောင်ရာမှာ ကောင်းတဲ့ရည်ရွယ်ချက်အတွက် နှစ်ဦးနှစ်ဖက် လက်တွဲသင့်ကြောင်းလည်း သူကဆိုပါတယ်။

နှစ်ဖက်စလုံးဟာ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းနဲ့ အင်ဒို-ပစိဖတ်ဆိုင်ရာ အာဆီယံ အမြင်အကြား ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်းလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ပုံဖော်ထားတဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ကို စွဲမြဲလက်ကိုင်ထားဖို့၊ စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ဖို့နဲ့ အဓိကနိုင်ငံတွေအကြား ပဋိပက္ခတွေကို တွန်းလှန်ဖို့ ကြိုးပမ်းမှု သို့မဟုတ် စခန်းအခြေစိုက် ထိပ်တိုက်တွေ့မှုတွေကို ဆန့်ကျင်ဖို့လည်း ဝမ်ယိက တောင်းဆိုခဲ့ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်ကလည်း တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်သလို ယုံကြည်စိတ်ချရတဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဘက်နိုင်ငံဖြစ်ကြောင်းနဲ့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဟာ လေးနက်တဲ့ အခြေခံအုတ်မြစ်၊ ကျယ်ပြန့်တဲ့ နယ်ပယ်တွေရဲ့ အသီးအပွင့်ရလဒ်တွေကို ခံစားရကြောင်း ပြောကြားသွားပါတယ်။

3 mins Ago

March 15, 2022

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးနှင့် တရုတ်ထိပ်တန်းသံတမန် တွေ့ဆုံဆွေးနွေး

အမေရိကန် အမျိုးသားလုံးခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က တရုတ်ထိပ်တန်းသံတမန် ယန်ကျဲချီ နဲ့ အီတလီနိုင်ငံ ရောမမြို့မှာ  မတ်လ ၁၄ ရက်က တွေ့ဆုံခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲမှာ တရုတ်အစိုးရက ရုရှားကို အကူအညီပေးခဲ့ရင် တရုတ်အပေါ်  ပြင်းထန်တဲ့ စီးပွားရေးအရေးယူမှုတွေ လုပ်သွားမယ်လို့ သတိပေးဖို့ ဆူလီဗန်က ယန်ကို တွေ့ဆုံခဲ့တာပါ။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ယူကရိန်းအရေးမှာ တရုတ်ကို ကင်းကင်းရှင်းရှင်းနေဖို့ ပြောဆိုထားကြတာပါ။

ရုရှားဘက်က ဝင်ကူခဲ့ရင် ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ဒဏ်ခတ်အရေးယူပိတ်ဆို့မှု အကျိုးဆက်တွေ ခံရပါလိမ့်မယ်။

ရုရှားက ယူကရိန်းကျူးကျော်စစ်ပွဲအတွက် စစ်လက်နက်အကူအညီ တရုတ်ထံ တောင်းခံနေတယ်လို့ အမေရိကန်အရာရှိတွေက မတ် ၁၃ ရက်က ပြောပါတယ်။

လက်ရှိစစ်ပွဲကာလအတွင်း တရုတ်က ရုရှားကို စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေ ဘယ်လောက်ထောက်ပံ့နေသလားဆိုတာ အမေရိကန်က အသေချာ စောင့်ကြည့်နေတယ်လို့ ဆူလီဗန်က ပြောဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားရဲ့ စစ်ရေးကျူးကျော်မှုလို့ ခေါ်ဆိုဖို့  တရုတ်အစိုးရက ငြင်းဆန်ထားတာပါ။

ပြီးခဲ့တဲ့အပတ်ကတော့ သမ္မတရှီကျင့်ဖျင်က ရုရှားအပေါ် အနောက်ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေက ကမ္ဘာ့စီးပွားရေးကိုလည်း  သက်ရောက်မှုရှိလာနိုင်တယ်လို့ စိုးရိမ်ပြခဲ့ပါတယ်။

1 year Ago
Up