တရုတ်နိုင်ငံတောင်ပိုင်းမှာ ဆိုးရွားပြင်းထန်တဲ့ မုန်တိုင်းတွေ ဆက်တိုက် တိုက်ခတ်နေလို့ ရေကြီးနေပါတယ်။
ဇွန် ၁၉ ရက်က ရှန်တုံးပြည်နယ် ရှောင်ဂွမ်မြို့မှာ မီးသတ်ကားတစီး လမ်းပေါ်မှာ ရေစီးနဲ့ မျောပါခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ကတော့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတာပါ။
နိုင်ငံအနှံ့မှာ စံချိန်တင် မိုးရွာတာ၊ အပူလှိုင်းဖြတ်တာတွေလို ရှားရှားပါးပါး ရာသီဥတု ပေါင်းစုံ တပြိုင်တည်း သက်ရောက်တဲ့ဒဏ်ကို ခံနေရပါတယ်။
ဒါကြောင့် သန်းချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာ ပြောင်းရွှေ့ခဲ့ရပြီး အဆောက်အဦတွေ ပျက်စီးသလို လယ်မြေတွေ ရေမြုပ်ကုန်ပါတယ်။
နွေရာသီအစောပိုင်း မုန်တိုင်းတွေဟာ ဒီနှစ်ထဲမှာ ပုံမှန်ထက်ပိုပြင်းထန်ပြီး ကြာရှည်ခဲ့တယ်လို့ ဒေသခံ မိုးလေဝသ ဗျူရိုတွေက ပြောပါတယ်။
ကွမ်းရှီး၊ ကွမ်တုံနဲ့ ဖှုကျန်းပြည်နယ်တွေမှာ ၁၉၆၁ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံး မိုးရေချိန် စံချိန်တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ ကွေ့ကျိုး၊ ကျန်းရှီး၊ ကွမ်းရှီး၊ အန်းဟွေနဲ့ ကျဲ့ကျန်း ပြည်နယ်တွေမှာ မိုးတွေ အကြီးအကျယ် ဆက်လက် ရွာသွန်းဦးမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း အစိုးရ မိုးလေဝသ ခန့်မှန်းသူတွေက ဇွန် ၁၉ ရက်မှာ ဟောကိန်း ထုတ်ထားပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာ အရင်သီတင်းပတ်ကစပြီး ဇွန် ၂၁ ရက်ထိ မိုးဆက်ကြီးနေမယ်လို့ အစိုးရ မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတောင်ပိုင်းက ပြည်နယ်နဲ့ ဒေသ ၇ ခုထက် မနည်းမှာ လာမယ့် ၂၄ နာရီအတွင်း ဆိုးရွားပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေအတွက် သတိပေးချက်ကိုလည်း ထုတ်ပြန် ထားရပါတယ်။
ကွမ်းရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ရွာတရွာမှာ ရေကြီးနေပုံကိုလည်း စီစီတီဗီ သတင်းဌာနက ထုတ်လွှင့် ပြသပါတယ်။
မိုးရာသီ မတိုင်ခင် နွေဦးရာသီကနေ နွေရာသီကို ပြောင်းတဲ့ ဇွန်လ မရောက်ခင် ကြိုတင်ပြီး ဧပြီလ ကတည်းက အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်တွေကို အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။
ကွမ်းရှီးပြည်နယ် ကွေ့လင်းမြို့ထဲက မြစ်အတော်များများဟာ ဇွန် ၁၇ ရက်က မြစ်ရေလျှံခဲ့ပါတယ်။ မီးသတ်သမားတွေက ရုတ်တရက် ရေကြီးလို့ ပိတ်မိနေတဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေကို ကယ်ဆယ်ခဲ့ရပါတယ်။
ပြည်နယ်အတွင်း နေရာအများအပြားမှာ မိုးကြီးမယ့် သတိပေးချက်ကို အနီရောင်နဲ့ လိမ်မော်ရောင်အဆင့်တို့မှာ အသီးသီး ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံမှာ အရောင်လေးမျိုးပါတဲ့ မိုးလေဝသ သတိပေးစနစ်ကို သုံးနေပြီး အနီရောင်က အပြင်းထန်ဆုံးသတိပေးချက်ပါ။
အဲဒီနောက် လိမ်မော်ရောင် အဝါနဲ့ အပြာရောင် အဆင့် ၃ဆင့် အစဉ်လိုက် ထားရှိပါတယ်။