close

တရုတ်နိုင်ငံအကျဉ်းထောင်

close

September 11, 2021

လွတ်ရက်စေ့ မြန်မာများ တရုတ်နိုင်ငံအကျဉ်းထောင်များတွင် ဆက်လက်နေထိုင်နေရ

တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ ချုပ်ရက်ပြည့်သွားပေမယ့် တရုတ်ဘက်က လွှဲပြောင်းပေးတဲ့ အစီအစဉ် ဆိုင်းငံ့ထားတာကြောင့် ထောင်ထဲ ဆက်လက်နေထိုင်နေကြရတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ အမ်းဟွေးပြည်နယ်၊ စန်းတုံးပြည်နယ်၊ ကျိလင်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကျန်းစူးပြည်နယ် စတဲ့ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံသားတွေ ထိန်းသိမ်းနေကြရတာဖြစ်ပါတယ်။

လွတ်ရက်စေ့ပြီးနောက်  ကိုဗစ်-၁၉ ရောဂါ ကြောင်းပြချက်နဲ့ တရုတ်ဘက်က လွှဲပြောင်းမှုကို ရပ်ဆိုင်းထားတာလို့ မန်စီထောင်မှာ ထောင်ကျနေသူတစ်ဦးရဲ့ မိတ်ဆွေက ပြောပါတယ်။

"တနေ့က အသိတစ်ယောက် ထောင်ထဲကနေ ဖုန်းဆက်လာတာ နှစ်ပြည့်နေပေမဲ့ မလွှတ်ပေးဘဲ ဘာအပြစ်မှ ထပ်မလုပ်၊ မကျူးလွန်ဘဲ ထောင်သက်တွေ ထပ်တိုးပြီး မြန်မာပြည်ပြန်မလွှတ်ပေးတဲ့ အကျဥ်းသားတွေ မန်စီ ထောင်မှာ ရှိနေတာ။" 

ဒါ့အပြင် နေထိုင်ခွင့် အထောက်အထားမရှိလို့ မံစီထောင်မှာ ထိန်းသိမ်းခံနေရတဲ့ သူတွေကို တစ်လ တစ်ကြိမ် ၅ မိနစ် ဖုန်းပြောခွင့်ရပြီး မြန်မာနိုင်ငံက အကျဉ်းသားဘယ်လောက်ရှိလဲတော့ မသိဘူး လို့ ပြောပါတယ်။

"အရေအတွက်တော့မပြောသွားဘူး ၁ ခန်းကို လူနှစ်ဆယ်လောက်နေရတာလို့ပဲ ပြောတာ။ စကားပြောချိန်က ငါးမိနစ်ပဲ ပေးတော့ ပြတ်သွားတာ တစ်လကို ဖုန်းငါးမိနစ်ဆက်ခွင့် ရတယ်လို့လည်းပြောတယ်။"

အပြစ် ထပ်မံကျူးလွန်တာ မရှိဘဲ ထောင်သက် တိုးခံနေရတာကြောင့် အဓိက ရက်ပြည့်သူတွေကို ပြန်လွှတ်ပေးစေချင်ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။

တရုတ် - မြန်မာ နှစ်နိုင်ငံ တရားဝင်အဝင်၊ အထွက်ပေါက်ဖြစ်တဲ့ နန်းတော်ဂိတ်ကနေတဆင့် လွှဲပြောင်းပေးရမယ့် ထောင်တွေက အကျဉ်းသားတွေကိုတော့ လက်ရှိမှာ ရက်တိုးပြီး ထောင်ထဲမှာပဲ နေခိုင်းနေရတဲ့ အခြေအနေဖြစ်ကြောင်း ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

"ထောင်လွှဲတွေက ဒီရွှေလီထောင်လွှဲတွေက မလွှဲပေးသေးဘူး။ ဒီနည်းနည်းလေး ကိုဗစ် နည်းနည်း ငြိမ်ရင်လွှဲပေးမယ်။ ရက်တိုးပြီး ထောင်မှာပဲ ထားထားရတ။ ဟုတ်တယ်။ ရွှေလီတို့ ဘက်ကဟာကျနတာ့ မလွှဲပေးရသေးဘူး။ ဟိုဘက် ချင်းရွှေဟော်တို့ ဘာတို့ဘက်ကကျတော့ လွှဲ ပေးတယ်ဗျ။ မံစီတို့၊ ရင်ကျန်းတို့ကကျတော့ ဒီရွှေလီကိုပဲ လွှဲရတာတဆင့်။ ရွှေလီကိုလွှဲပြီးမှ ရွှေလီကနေမှ တဆင့် နန်းတော်ကို ပြန်လွဲပေးတာ။ ပြည်ကြီးတို့ ထင်ချုံးတို့ အဲဘက်ကျတော့ နည်းနည်း ချင်းရွှေဟော်ဘက်က လွှဲတာများတယ်။" 

မြန်မာနိုင်ငံဘက်ကတော့ တရုတ်ဘက် ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က လွှဲပြောင်းပေးမယ်ဆိုပါက အမြဲလက်ခံတယ်လို့ တရုတ်ထောင်လွှဲတာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

တရုတ်နိုင်ငံ အကျဉ်းထောင်တွေကနေ မြန်မာနိုင်ငံသား အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၆၃ ဦး၊ စုစုပေါင်း ၁၁၈ ဦး ကို   ဇွန်လ ၂၅ ရက်နေ့က နောက်ဆုံး ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

Photo- Reuters

12 mins Ago

June 2, 2020

တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန်လွတ်လာသည့်  မြန်မာနိုင်ငံသား ၁၀၀ မူဆယ်သို့ ထပ်မံရောက်ရှိ 

တရုတ်နိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အကျဉ်းကျခဲ့ရတဲ့ မြန်မာနိုင်ငံသား အ‌ယောက် ၁၀၀ ဟာ ဒီကနေ့  ဇွန်လ ၂ ရက် နေ့မှာ တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ပြန်လာသူအများစုက နိုင်ငံကူးလက်မှတ်သက်တမ်းကုန်လို့ အဖမ်းခံရတာဖြစ်ကြောင်း၊ လူကုန်ကူးခံရတာ၊ မူးယစ်ဆေးနဲ့ ရန်ဖြစ်မှုတွေက အနည်းအကျဉ်းသာ ပါဝင်တယ်လို့ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုတဲ့ထဲမှာ ပါဝင်တဲ့ မူဆယ် ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “ဒီကနေ့မနက်ကစပြီး ရောက်လာကြပါတယ်ခင်ဗျ၊ တရုတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခဲ့သူတွေပေါ့။ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၉၇ ဦးပါတယ်။ ပြစ်ဒဏ်လို့ဆိုရာမှာ အများစုက စာအုပ်သက်တမ်းကုန်လို့ပါ။ တရုတ်အာဏာပိုင်တွေက မူဆယ်နန်းတော်ဂိတ်ပေါက်မှာ လာလွှဲ ပေးပြီး ဒီဘက်မှာတော့ လ၀က၊ ရဲနဲ့ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေ စစ်ဆေးတယ်။ ပြီးရင် အမျိုးသမီးတွေကို အထက ၃ ကျောင်းမှာ အမျိုးသားတွေကို တရုတ်စာသင်ကျောင်းမှာ ခဏထားမယ်၊ ပြီးရင် သူတို့မြို့ရွာတွေမှာပဲ Quarantine ပြန်ဝင်ဖို့ ဖြစ်ပါတယ်ခင်ဗျ။” အရင်ကတရုတ်နိုင်ငံမှာ ပြစ်ဒဏ်ထိလို့ အကျဉ်းကျရင် လွှတ်ရက်စေ့တဲ့အထိ နေရပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာတော့ ကျန်းမာရေးကိစ္စတွေကြောင့် အကျဉ်းထောင်မှာ ကြာကြာမထားဘဲ မြန်မာပြည်ကို ပြန်ပို့လာတာလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းမှာလည်း တရုတ်အာဏာပိုင်တွေက မြန်မာ အကျဉ်းသားပေါင်း ၃၅၀ ကျော်ကို မူဆယ် နယ်စပ်ဂိတ်မှာ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီမေလထဲမှာ မူဆယ်နယ်စပ်ဂိတ်ပေါက်ကနေ မြန်မာပြည်ထဲပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အကျဉ်းကျသူအပါအဝင် စုစုပေါင်း ၁၆၇၂၂ ဦးရှိတယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိလာပြီးတဲ့နောက် တရုတ်အစိုးဟာ ဧပြီလ ၁ ရက်နေ့ကစ မြန်မာပြည်ထဲကလူတွေကို တရုတ်ပြည်အဝင်မခံတော့သလို တရုတ်ပြည်ထဲက လူတွေ ကို လည်း မြန်မာပြည်ကို ဝင်ခွင့်မပြုတော့ပါဘူး။ အခုလို သွားလာမှုတွေကန့်သတ်လိုက်တာကြောင့် မူဆယ်/နမ့်ခမ်းဒေသထွက်သီးနှံ ပြောင်းဖူးတွေ တန်ချိန်ပေါင်းရာနဲ့ချီ တရုတ်ပြည်ကို တင်သွင်းရောင်းချလို့မရတော့ဘဲ တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။  မူဆယ်မြို့ထဲမှာလည်း ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ ဈေးတွေပိတ်ထားရာမှာ ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှာတော့ အမှတ် ၁ နဲ့ အမှတ် ၂ ဈေးကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် လူစုလူဝေး ပွဲလမ်းသဘင်၊ ဘာသာရေးဆိုင်ရာအခမ်းအနားတွေ ကျင်းပခွင့်မပြုသေးသလို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေနဲ့အညီ နေထိုင်သွားလာဖို့ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။  ဓာတ်ပုံ- Thaung Tun Facebook 
1 year Ago
Up