ထိုင်းနိုင်ငံထဲမှာ မသမာနဲ့ နည်းလမ်းနဲ့ ခရီးသွားဧည့်လမ်းညွှန်ကတ် ပြုလုပ်နေပြီး အများစုဟာ ထိုင်းမြောက်ပိုင်း တရုတ်နွယ်ဖွားတွေဖြစ်နေတယ်လို့ နိုဝင်ဘာ ၁၀ ရက် ချနယ်လ် ၃ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂ ပတ်လောက်က မသင်္ကဖွယ်ယ်ရာလူအချို့ ခရီးသွားဧည့်လမ်း ညွှန်ကတ် ကိုင်ဆောင်ပြီး လှုပ်ရှားနေတာတွေ့ရတဲ့အတွက် စုံစမ်းထောက်လှမ်းမှုတွေပြုခဲ့တယ်လို့ ထိုင်းနိုင်ငံ အားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားဧည့်လမ်းညွှန်လက်မှတ်ရဖို့အတွက် သင်တန်းတက်တာ၊ စာမေးပွဲဖြေဆိုတာ၊ အောင်မြင်ပါက ဆရာဝန်ဆေးလက်မှတ်ထောက်ခံစာနဲ့အတူ ခရီးသွားဧည့်ကြိုလုပ်ငန်း လုပ်ဆောင်ခွင့်နဲ့ ဧည့်လမ်းညွှန်မှတ်ပုံတင်ကတ်တွေ လျှောက်ထားရမှာ ဖြစ်ပါတယ်။
ခရီးသွားဧည့်လမ်းညွှန်သင်တန်းမှာ တကြိမ်လျှင် လူဦးရေ ၈၀ ထက်မပိုရကြောင်း၊ ဒါပေမယ့် ဧည့်လမ်းညွှန်မှတ်ပုံတင်ဌာနမှာ ကတ်ပြားလာရောက်လျှောက်ထားသူ ၁၁၂ ဦးရှိကြောင်း၊ သင်တန်း ၃ သုတ်အတွင်း ကတ်ပြားလျှောက်ထားသူ လူပို ၇၀ ဦးရှိနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဧည့်လမ်းညွှန်သင်တန်းကို ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ရှိ တက္ကသိုလ် ၃ ခုမှာ ကျင်းပခဲ့ တာဖြစ်ပြီး သင်တန်းတက်စဉ်နာမည်မပါဘဲ မှတ်ပုံတင်ကတ်လျှောက်ထားသူတွေရဲ့ အထောက်အ ထားတွေ ပြန်လည်စစ်ဆေးရာမှာ စာမေးပွဲအောင်ထားသူတွေရဲ့ အမှတ်စဉ်နံပါတ်တွေကို ပြန်သုံးထားတာလို့ ဆိုပါတယ်။
ဒါကြောင့် စာရွက်စာတမ်းအထောက်အထားဖြည့်စွက်ထိန်းသိမ်းတဲ့ ဌာနကဝန်ထမ်းတွေကို လိုအပ်သလို စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။
သင်တန်းမတက်၊ အောင်စာရင်းမရှိဘဲ ဧည့်လမ်းညွှန်ကတ်ရထားသူရဲ့ ထက်ဝက်ကျော်ဟာ ထိုင်းမြောက်ပိုင်းက တရုတ်နွယ်ဘွားတွေဖြစ်ပြီး တရုတ်ပြည်က ဝင်လာတဲ့ဧည့်သည်တွေကို ဝန် ဆောင်မှုပေးကြောင်း၊ လတ်တလော ရဲတပ်ဖွဲ့က နှိမ်နင်းနေတဲ့ ဥပဒေမဲ့စီးပွားရေးလုပ်ငန်း တွေ လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်တို့နဲ့ ဆက်စပ်မှုရှိမရှိကိုလည်း တာဝန်ရှိသူတွေက ဆက် လက်စုံစမ်းအရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။