တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်တဲ့ စီနိုဖန်း ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဒေသခံဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီအင်ဆက်ပ်တာတို့နဲ့ နားလည်မှု စာချွန်လွှာကို သြဂုတ် ၁၆ ရက်က လက်မှတ် ရေးထိုးလိုက်ပါတယ်။
တလကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးဆေးလုံးရေ ၅ သန်း ပူးပေါင်း ထုတ်လုပ်မယ့် သဘောတူညီချက်ကိုရခဲ့အပြီးမှာ ခုလို့လက်မှတ်ရေးထိုးလိုက်တာပါ။
တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ကာကွယ်ဆေးပူးပေါင်းထုတ်လုပ်ရေး သဘော တူညီချက်ကို ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက အထူးကု နဲ့ ခွဲစိတ်ကု ဆရာဝန်ကြီးများ ကောလိပ်ရဲ့ ခန်းမမှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး ဇာဟိဒ်မာလေးကေးနဲ့ တရုတ်သံအမတ်ကြီး လီကျိမင်၊ အင်ဆက်ပ်တာကာကွယ်ဆေး ကုမ္ပဏီ ဥက္ကဋ္ဌ အဗ်ဒူ မွတ်တာဒီယာတို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးလည်း ဧည့်သည်တော်အဖြစ် ဒီပွဲကို တက်ရောက်ပါတယ်။
အစပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဆေးကို တလ အလုံးရေ ငါးသန်း ထုတ်လုပ်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တလကို ထိုးဆေးလုံးရေ ၁၅ သန်းထိ ထုတ်လုပ်ဖို့ မျှော်လင့် ထားပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် ကာကွယ်ဆေးတွေကို ဆေးဘက် အကူအညီအဖြစ် ပံ့ပိုးပေးပို့ ခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်ကို ကာကွယ်ဆေးတင်ပို့ ပေးခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ထိုးဆေးလုံးရေ သန်း ၈၀၀ ကျော် ထည့်ဝင် ပေးပြီးပြီဖြစ်လို့ ကမ္ဘာ့ ပထမပဲလို့ တရုတ်အစိုးရ မီဒီယာ CCTV က ထုတ်လွှင့်ပါတယ်။