တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးကို တည်ဆောက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားဖြည့်ပေးမယ့် အခွင့်အလမ်းကို ကိုယ်စားပြုကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောပြီးနောက် ဧပြီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ တရုတ်တို့ဟာ ကမ္ဘာ့လူများစုတွေလိုပဲ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးအင်အားကို တန်းတူညီမျှ စိတ်ဝင်စားကြောင်းလည်း ဇလန်းစကီးကသူ့ရဲ့ ညနေခင်း ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။
ယူကရိန်းနဲ့ တရုတ်ခေါင်းဆောင် ၂ ဦးတို့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂၆ ရက်က အချိန်အတော်ကြာ ကျိုးကြောင်းသင့် ပြောဆိုခဲ့တာဖြစ်ပြီး လနဲ့ချီပြီး လူသိရှင်ကြား နည်းလမ်းရှာနေခဲ့တဲ့ ကိယဗ်ရဲ့ ကာလရှည် ရည်မှန်းချက် ပြည့်ဝသွားခဲ့တာပါ။
တရုတ်နိုင်ငံဟာ ယူကရိန်းကို အထူးကိုယ်စားလှယ်တွေ စေလွှတ်ပြီး ငြိမ်းချမ်းရေးကို ရှာဖွေနေတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ရှီကဇလန်းစကီးကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ဇလန်းစကီးကလည်း သူ့ရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းစပါးတင်ပို့မှု သဘောတူညီချက်ကို သက်တမ်းတိုးခြင်းအတွက် ရှီက အားပေးစကားတွေ ပြောကြားခဲ့ကြောင်း ပြောဆိုပါတယ်။
မော်စကိုကတော့ ရုရှားစပါးနဲ့ ဓာတ်မြေသြဇာ တင်ပို့မှုမှာ အနောက်နိုင်ငံတွေက အတားအဆီးတွေကို ဖယ်ရှားမပေးရင် အဲဒီစာချုပ်ကို မေလ ၁၈ ရက်ထက် ကျော်လွန်သက်တမ်းတိုးမှာ မဟုတ်ကြောင်း ပြောထားပါတယ်။
ရုရှားရဲ့ကျူးကျော်မှုကို မရှုတ်ချဘဲ ရှောင်လွှဲနေတဲ့ သြဇာအရှိဆုံး ခေါင်းဆောင် ရှီဟာ ပြီးခဲ့တဲ့လက မော်စကို ကို သွားရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလကတည်းက တရုတ်သမ္မတရှီဟာ အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို မြှင့်တင်ခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်ကို အနောက်နိုင်ငံတွေက သံသယနဲ့ နှုတ်ဆက်ခဲ့ပေမဲ့ ကိယဗ်ကတော့ စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်ရဲ့စိတ်ဝင်စားမှု လက္ခဏာတရပ်အဖြစ် သတိကြီးကြီးနဲ့ ကြိုဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြှင့်တင်ဖို့ အာရုံစိုက်သွားမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရှီက ဇလန်းစကီးကို ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာက ဖော်ပြပါတယ်။
ရုရှားနဲ့ အမေရိကန်ကြား ဆက်ဆံရေး နိမ့်ကျနေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လာမယ့် သီတင်းပတ်မှာ ရုရှားနိုင်ငံဆီ သွားမယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက မတ် ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းဆီ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ပြီးကတည်းက မကြုံစဖူး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခံထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ရှီရဲ့ ခရီးစဉ်ဟာ သံတမန်ရေးရာ အာဏာသိမ်းမှု တခုဖြစ်လာတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။
မတ် ၁၄ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-ရုရှား ထိပ်တိုက်တွေ့မှုတွင် ရုရှားဂျက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားလို့ အမေရိကန်ထောက်လှမ်းရေး ဒရုန်းတစီး ပင်လယ်နက်ထဲ ပျက်ကျခဲ့ပါတယ်။
အဲဒီနောက် ယူကရိန်း ကျူးကျော်စစ်အတွက် ရုရှားကို မရှုတ်ချတဲ့ တရုတ်နိုင်ငံဟာ စစ်ပွဲ ပိုမိုပြင်းထန်လာမှာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးရက ယူကရိန်းကလေးငယ်တွေကို အတင်းအကျပ် ပြန်ပို့ခြင်းဟာ စစ်ရာဇဝတ်မှုလို့ စွပ်စွဲပြီး နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်းအကြာမှာ ရှီရဲ့ ခရီးစဉ် ဖြစ်လာတာပါ။
ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ ICC အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။