close

တရုတ်အရာရှိ

close

January 6, 2022

တရုတ်အရာရှိများကို ရာဇဝတ်မှုဖြင့် ဝီဂါမွတ်စလင်များ တိုင်ကြား

တရုတ်နိုင်ငံက ဝီဂါတိုင်းရင်းသား မွတ်စလင် ၁၉ ယောက်က တူရကီအစိုးရရှေ့နေတွေနဲ့အတူ ပူးပေါင်းပြီး အစ္စတန်ဘူလ်မြို့မှာရှိတဲ့ အစိုးရရှေ့နေရုံးမှာ တရုတ်အရာရှိတွေကို ရာဇဝတ်မှု ကြောင်းအရ ဇန်နဝါရီ ၄ ရက်မှာ တိုင်ကြားလိုက်ပါတယ်။

တရုတ်အရာရှိတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အဓမ္မပြုကျင့်မှု၊ နှိပ်စက်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်တယ်လို့လည်း သူတို့က စွပ်စွဲနေပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက တရုတ်အပေါ် အရေးမယူခဲ့လို့ မကျေနပ်ချက်တွေကို ခုလို တိုင်ကြားတာလို့ ရှေ့နေ ဂေါ်ဒန် ဆွန်မက်ဇ်က ပြောပါတယ်။

တရုတ်အစိုးရဟာ ၂၀၁၆ ခုနှစ်တည်းက နိုင်ငံအနောက်ပိုင်း ရှင်းကျန်းပြည်နယ်ထဲက စခန်းတွေထဲ မှာ ဝီဂါတိုင်းရင်းသား အယောက် ၁ သန်းလောက်နဲ့ တခြား မွတ်စလင် တိုင်းရင်းသား လူနည်းစုတွေကို ထိန်းသိမ်းထားပြီး အဓမ္မလုပ်အားပေး ခိုင်းစေနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

စခန်းတွေ မရှိဘူးလို့ တရုတ်က အစောပိုင်းမှာ ငြင်းပေမယ့် နောက်ပိုင်းမှာတော့ ဒါတွေဟာ အသက်မွေးဝမ်းကြောင်း သင်တန်းဌာနတွေဖြစ်ပြီး အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ ပုံစံထုတ်ထားတာလို့ ပြောပါတယ်။ အလွဲသုံးစား လုပ်မှုစွဲချက် အားလုံးကိုလည်း ငြင်းခဲ့ပါတယ်။

တူရကီနိုင်ငံထဲက တာ့ခ်လူမျိုးတွေနဲ့ တိုင်းရင်းသား ရိုးရာ၊ ဘာသာရေးနဲ့ ဘာသာစကားပါ တူတဲ့ ဝီဂါ တိုင်းရင်းသား အယောက် ငါးသောင်းလောက်ဟာ တူရကီနိုင်ငံထဲမှာ နေထိုင်ကြလို့ အလယ်အာရှ အပြင်ဘက်မှာနေတဲ့ အကြီးဆုံး ဝီဂါတိုင်းရင်းသားအုပ်စု ဖြစ်နေခဲ့ပါတယ်။

မနှစ်က တူရကီနဲ့ တရုတ် ၂ နိုင်ငံကြား အကျဉ်းသားဖလှယ်ရေး သဘောတူညီချက် ရခဲ့အပြီးမှာ တူရကီအစိုးရရဲ့ တရုတ်အပေါ် ချဉ်းကပ်ပုံကို တူရကီနိုင်ငံထဲမှာ နေကြတဲ့ ဝီဂါတိုင်းရင်းသာ တချို့က ဝေဖန်ခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ဟာ တူရကီနဲ့ တခြားနိုင်ငံတွေကြား သဘောတူညီချက်တွေ နဲ့ အလား တူတယ်လို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးက မတ်လထဲမှာ ပြောပါတယ်။

ဝီဂါတွေကို တရုတ်နိုင်ငံဆီ ပြန်ပို့မယ့်အရေးကို ဦးတည်လိမ့်မယ်ဆိုတဲ့ အချက်ကိုတော့ သူက ငြင်းခဲ့ပါတယ်။

ဝီဂါမွတ်စလင်တွေဟာ တရုတ် နိုင်ငံသားတွေနဲ့ တန်းတူတဲ့ နိုင်ငံသားတွေအဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့ဟာ တူရကီနိုင်ငံအတွက် အရေးကြီးတယ်လို့ တူရကီ သမ္မတ တေယစ် အာဒိုဂံက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။ 

ဒါပေမယ့် တူရကီ အစိုးရဟာ တရုတ်ရဲ့ အမျိုးသား အချုပ်အခြာကို လေးစားတယ်လို့လည်း အာဒိုဂံက ပြောခဲ့ပါတယ်။

50 seconds Ago
Up