close

တရုတ် စီးပွားရေးသမား

close

December 22, 2022

တရုတ်စီးပွားရေးသမားအိမ်သို့ ထိုင်းရဲအယောင်ဆောင် ဓားပြတိုက်၊ ရွှေငွေ ဘတ် ၁ သန်းကျော်ဖိုး ပါသွား

ထိုင်းနိုင်ငံမှာ ဥပဒေမဲ့လုပ်ငန်းတွေ  ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက လိုက်လံစစ်ဆေးအရေးယူနေချိန်မှာ ဒီစီမံချက်ကို အသုံးချပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် ဘန်လမွန်းရပ်ကွက်ရှိ ဖတ်ထယား land and House အိမ်ရာထဲက တရုတ်လုပ်ငန်းရှင် နိုင်းချန်းခွန်းရဲ့နေအိမ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၈ နာ ရီလောက်မှာ ရဲဝန်ထမ်းယောင်ဆောင်ထားတဲ့ ဓားပြ ၉ ဦး  အဖြူရောင်ကား ၂ စီးနဲ့ ရောက်လာကာ ဖမ်းဝရမ်းစာရွက်အတုပြပြီး ဝင်ရောက်စီးနင်းခဲ့တာပါ။ 

အဲဒီအချိန်မှာ အိမ်ထောင်ဦးစီး နိုင်းချန်းခွန်းက အိမ်မှာရှိမနေဘဲ ဇနီးနဲ့ ၉ နှစ်အရွယ်သမီး၊ ဆွေမျိုးတော်သူ တရုတ်အမျိုးသမီး ၁ ဦးတို့သာ ရှိပါတယ်။ 

ထိုင်းရဲအတုတွေက သူတို့အားလုံးကို လက်ပြန်ကြိုးတုတ်ထားပြီး မီးခံသေတ္တာ လျှို့ဝှက်နံပါတ် အတင်းပြောခိုင်းကာ အထဲက ရွှေထည် အလေးချိန် ၇ ဘတ်၊ ငွေသား ဘတ် ၇ သိန်း၊ ၁၁ မမ ပစ္စတို ၁ လက်နဲ့ ဖုန်း ၁ လုံးကို ယူဆောင်သွားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာကနေတဆင့် သူတို့ထွက်သွားရာလမ်းကြောင်းတွေကို လိုက်လံစုံစမ်းရာမှာ ဆတဟစ်ပ် - နခွန်းရာ့ချ်ဆီမား လမ်းမကြီးကနေ ချာ့ချိန်းဆောင်းခရိုင် ဘက်ထွက်ပြေးသွားပြီး လမ်းမှာ အခြားကား ၂ စီးနဲ့ လဲလှဲမောင်းနှင်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၁ ရက်မှာတော့ ဓားပြ ၉ ဦးအနက် ၇ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း တိုင်းဒေသ အမှတ် ၂ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ 

သူတို့တွေကို ချချိန်းဆောင်းနဲ့ ဆာကယောက်ခရိုင်တွေမှာ ဖမ်းမိပြီး နောက်ထပ် ၂ ဦးကတော့ တ ဘက်အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားကာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေ ဖွင့်ဟဝန်ခံချက်အရ သူတို့ဟာ အဆိုပါတရုတ်သူဌေးအိမ်မှာ ဘတ်ငွေ သန်း ၂၀၀ မှ ၄၀၀ ထိ သိမ်းဆည်းထားကြောင်း သိရပြီး ဓားပြတိုက်လို့ရရင် တယောက်ကို ဘတ် ၁၅ သန်းစီ ရမှာမို့ ခုလိုကြံစည်ခဲ့တာလို့ ဆိုပါတယ်။ 

အိမ်ပိုင်ရှင် တရုတ်စီးပွားရေးသမား နိုင်းချန်းခွန်းကတော့ ကမ္ဘောဒီးယားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေပြီး ပြန်ရောက်မလာသေးကြောင်း၊  လောလောဆယ် ဖမ်းဆီးရမိတဲ့ ဓားပြတွေကို ဓားပြမှု၊ ကျူးကျော်မှု၊ အပြစ်မရှိသူတွေအား ချုပ်နှောင်ထားမှု စတဲ့ပြစ်ချက်တွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး နိုင်းချန်းခွန်းရဲ့ စီးပွားရေးအလုပ်အကိုင်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမှတ် ၂ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ 

ကိုးကား - thairath

3 hours Ago
Up