စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ရဝင်ငွေအပေါ် တဖက်သတ်ကန့်သတ်လိုက်တဲ့ မူဝါဒကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုဟာ ရပ်တန့်သလောက် နီးနီး ရှိနေတယ်လို့ နယ်စပ်ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် တဖက်နိုင်ငံသို့ ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့ ရောင်းချရာမှ ရရှိတဲ့ ပို့ကုန်ရဝင်ငွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားဖြင့် မြန်မာကျပ်ငွေ လဲလှယ်ခြင်းကို ကင်းလွတ်ခွင့် ပေးထားရာကနေ အဆိုပါ ကင်းလွတ်ခွင့်ကို ပယ်ဖျက်ကာ အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ပို့ကုန်တင်ပို့မှု ဆောင်ရွက်ရာမှာ ကုန်စည်အလိုက် မျှတမှု ရှိစေရေးနဲ့ ပြည်ပသို့ တင်ပို့တဲ့ အဓိက ပို့ကုန်ပစ္စည်းတွေအပေါ် တပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှတဆင့် တဖက် နိုင်ငံသို့ ဆန် နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့မှုမှ ရရှိတဲ့ နိုင်ငံခြားသုံးငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ရဝင်ငွေအပေါ် အခုလို တဖက်သတ် ကန့်လိုက်တဲ့ မူဝါဒကြောင့် တရုတ်နိုင်ငံဆီ နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့နေတဲ့ မြန်မာဆန်ကုန်သည်တွေအနေဖြင့် အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဆန်တင်ပို့မှုက ရပ်တန့်သလောက် နီးနီး ရှိနေပါတယ်။
နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တဦးက “မူဆယ်၊ ချင်းရွှေဟော် နယ်စပ်တကြောကတော့ လုံးဝ မပို့နိုင်တော့တဲ့ အနေအထား ဖြစ်နေပြီး အားလုံး ရပ်သွားတဲ့ သဘောပေါ့။ သူတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို last date အနေနဲ့ ဖြတ်ချလိုက်ပြီး သတ်မှတ်လိုက်တယ်လေ။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက် ကျနော်တို့ ဒီနှုန်းနဲ့ ဆက်ပြီး မပို့နိုင်တော့ဘူး။ ဘာလို့ရပ်တာလဲဆိုတော့ ငွေလဲနှုန်းကွာခြားမှုကြောင့်ပေါ့။ ငွေဈေးက အပြင်ဈေးနဲ့ တွက်လိုက်ရင် ကျနော်တို့ဘက်က ရှုံးတယ်။ ဒီငွေကြေး အရှုံးကို ကုန်ပစ္စည်း အရင်းပေါ်မှာ ထည့်တွက်လိုက်ရင် ရောင်းဈေးထက် အရင်းက ပိုများနေတယ်။ တွက်ကြည့်လို့ရှိရင် အခု ရှုံးသွားတဲ့ ငွေကြေးရယ်၊ ဝယ်ရမယ့် ပစ္စည်းတန်ဖိုးရယ်၊ လမ်းတလျှောက် ကုန်ကျမယ့် စရိတ်တွေရယ် ထည့်တွက်လိုက်ရင် ရောင်းရမယ့် ဈေးထက်ကို ကုန်ကျစရိတ်က ပိုများနေတာ။ အရှုံးနဲ့ဆိုတော့ ဘယ်သူ့မှ မပို့တော့ဘဲ ဒီအတိုင်း ရပ်သွားတဲ့ သဘော ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီသက်ရောက်မှုကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တဖက်နိုင်ငံဆီ မြန်မာ့ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုဟာ ရက်သတ္တပတ်ကာလအတွင်းမှာ သိသိသာသာထိုးကျသွားတယ်လို့ နယ်စပ်ကုန်သည်ကြီးများအသင်းနဲ့ နီးစပ်တဲ့ ကုန်သည်ကြီးတွေက ထောက်ပြထားပါတယ်။
“မတ်လ ၁ ရက်နေ့ကစပြီး နိုင်ငံတော်ကနေ ၆၅ ၊ ၃၅ ရာခိုင်နှုန်း နဲ့ ငွေကြေးမူဝါဒကို ကြေညာပြီး အတည်ပြု လိုက်တယ်။ အဲ့လို လုပ်လိုက်လို့ ဘာဖြစ်သွားလဲဆို ဆန်ကုန်သည် တယောက်က ဖေဖော်ဝါရီ ၂၈ ရက် နဲ့ မတ် ၁ ရက် နေ့ကို ယှဉ်ရင် ဆန်တအိတ်ကို ကျပ် တသောင်းကျော် နစ်နာသွားတယ်။ ဒါက အများကြီးပဲ ဆုံးရှုံးသွားတာ။ ဒီ့အတွက် ကုန်သည်တွေက လောလောဆယ်မှာ ဆန်တင်ပို့မှုကို မလုပ်နိုင်ကြတော့ဘူး။ ဒါပေမဲ့ တခု ရှိတာက အရင် စာချုပ် ချုပ်ထားပြီး လက်ကျန် ကျန်နေသေးတဲ့အနည်းငယ်လောက်တော့ သွားနိုင်တာ ရှိသေးတယ်။ ဒါပေမဲ့ ခြုံပြောရရင် နယ်စပ်မှာ မတ်လ ၁ ရက်နေ့ ကစပြီး ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက သိသိသာသာ ထိုးဆင်းသွားတာ တွေ့ရတယ်။ ဘယ်လောက်ကျသွားလဲဆို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိက ဆန် နဲ့ ဆန်ကွဲ တင်တဲ့ ကုန်ကား အစီးရေ ၃၀ နဲ့ ၄၀ ကြား နေ့စဉ် သွားနေတာ။ ဒါပေမဲ့ မတ်လ ၁ ရက်နေ့ကစပြီး ဒီကနေ့ မတ်လ ၈ ရက်နေ့အထိ ဆန်နဲ့ ဆန်ကွဲ တင်တဲ့ ကုန်ကား အစီးရေက ၁၀ စီးအောက်မှာပဲ သွားနိုင်တော့တာ တွေ့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အခု(၂၀၂၂-၂၃)ဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်းမှာ ပြည်ပဈေးကွက်ဆီ မြန်မာ့ဆန်တင်ပို့မှုဟာ ဆန်တန်ချိန် ၂ ဒသမ ၀၉ သန်းကျော် တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ သိရပါတယ်။
ဒီပမာဏစာရင်းထဲမှာ ပင်လယ်ရေကြောင်းကတဆင့် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုမှုက တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပမာဏ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အလားတူ နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့မှုကလည်း တန်ချိန် ၄ သိန်းကျော် တင်ပို့ထားနိုင်တဲ့အတွက် စုစုပေါင်း တင်ပို့မှုပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရှိနေတာပါ။
တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ - မန့်မိုင် (ဝမ်တိန်) ဂိတ်ကနေ မြန်မာကုန်ကားတွေကို တရုတ်နိုင်ငံအတွင်း မေလ ၁၆ ရက်ကစ ဝင်ထွက်ခွင့် ပြန်ပေးလိုက်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
မေ ၁၆ ရက်နေ့က ဝင်ထွက်ခွင့် ပြုထားပေမယ့် မေ ၁၇ ရက်နေ့မှ စဝင်ကြောင်း မြန်မာကုန်သည်တဦးက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ကို တရုတ်ဘက်က တရုတ်ခေါက်တို အစားထိုးယာဉ်မောင်း (ရှန်တိန်) နဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့ ကန့်သတ်ထားတာကြောင့် မြန်မာယာဉ်မောင်းတွေက ကျင်စန်းကျော့မှာ နေခဲ့ရမှာဖြစ်ပြီး မြန်မာကားတွေကို ရှန်တိန်တွေနဲ့ မောင်းသွားရမှာဖြစ်ကာ ကုန်ချိန်းဖို့ မလိုတော့ဘဲ ကုန်ချပြီးရင် တရုတ်ဘက်က ကုန်တင်ပြီး ရှန်တိန် ယာဉ်မောင်းတွေနဲ့ပဲ မြန်မာဘက်ထဲ ပြန်ဝင်လာမယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။
အရင်က မြန်မာကုန်တင်ယာဉ်တွေ တိုက်ရိုက်ဝင်မရလို့ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ဖို့ တရုတ်ကုန်တင် အငှားကား ခေါက်တိုခတွေ စျေးနှုန်းမြင့်ခဲ့ပြီး အခုလို မြန်မာကုန်တင်ကားတွေ ဝင်ထွက်ခွင့်ပြုလိုက်လို့ တရုတ် ကားငှားခ ဈေးကျသွားတဲ့အပြင် ကုန်ကျစရိတ် သက်သာသွားနိုင်တယ်လို့ မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အများကြီး လွယ်ကူသွားတာပေါ့။ အရင်က ကျင်းစန်းကျော့ကနေ ခေါက်တိုကားခ ကား ၁ စီး ယွမ် ၂ သောင်း ၃ သောင်း ပေးရတယ်လေ။ ဒီနေ့ဆိုရင် ခေါက်တိုခက ယွမ် ၈၀၀၀ ထိ ကျသွားပြီ။ ခေါက်တို ကျသွားပြီ။ ပထမ အချက်တော့ ပစ္စည်း အပျက်အစီးပေါ့။ နောက် တချက်တော့ ခေါက်တိုခတွေ ဘာတွေ သက်သာတာပေါ့။”
မြန်မာကုန်ကားတွေ အဝင်အထွက် လွယ်ကူသွားပြီး ဈေးနှုန်းတွေ သက်သက်သာသာနဲ့ သယ်ယူပို့ဆောင်နိုင်တာကြောင့် ကုန်ဈေးနှုန်းတွေ ကျသွားမယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ကစပြီး တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ပိတ်ခဲ့ရာ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ ဂိတ်ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာကုန်တင်ကားတွေကို တိုက်ရိုက်ဝင်ခွင့်မပြုဘဲ တရုတ် အငှားကုန်တင်ကားတွေနဲ့သာ ဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့တာပါ။
တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ မန်ဝိန်း-ကျယ်ဂေါင်ဂိတ်၊ နန်းတော်-ကျယ်ဂေါင်ဂိတ်၊ ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်တွေကို ၂၀၂၀ ဧပြီလကတည်းက ပိတ်ထားခဲ့ပြီး နန်းတော် ဂိန် ကနေတော့ မြန်မာ ပြည်တော်ပြန်တွေကို ထွက်ခွင့်ပြုခဲ့ကာ ကြူကုတ်(ပန်ဆိုင်း) - ဝမ်တိန်ဂိတ်ကိုတော့ ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့ကစ ဒီနေ့ထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။
ကျင်းစန်းကျော့-မန့်မိုင် (ဝမ်တိန်) ဂိတ်ကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်းကစ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တရုတ်ကုန်တင်ကားနဲ့သာ ကုန်စည်တင်ပို့၊ တင်သွင်းခွင့် ပြုခဲ့ရာကနေ မေလ ၁၆ ရက်နေ့ကစ မြန်မာကုန်တင်ကားတွေကို ပြန်လည်ဝင်ထွက်ခွင့်ပြုလိုက်တာပါ။