မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ရွာလေးရွာ စုပေါင်းထားတဲ့ တလုပ်မြို့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မေလ ၁၂ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂၀ အပါအဝင် လူဦးရေ ၁၀၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ ၂ အရွယ် ကလေးတစ်ယောက်ပါ ပါတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်နဲ့ ရွာရဲ့ပတ်ပတ်လည်လည်ကို ဝိုင်းထားကာ မေလ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီဝန််းကျင်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ကျေးရွာတွေထဲက ကတုတ်ကျင်းတွေကို ဖြိုဖျက် စီနင်းဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။
ဒေသခံတွေရဲ့ လက်လုပ်မိုင်းကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တလုပ်မြို့ရွာက ပြည်သူ ၄ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အခု အကြမ်းဖက်စစ်တပ်ဟာ တလုပ်မြို့ရွာထဲက ရဲထိုင်ရွာ၊ ကုန်းပေါ်ရွာနဲ့ မြို့မရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး မြောက်ရွာလေးလို့ ခေါ်တဲ့ ရွာကိုတော့ အခုချိန်ထိ မစီးနင်းနိုင်သေးဘူးလို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တလုပ်မြို့ဟာ ရွာလေးရွာကို ပေါင်းထားတဲ့ ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၅၀၀ နီးပါးရှိသလို လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ပါတယ်။ လက်ရှိမှာတော့ ကျေးရွာတွေထဲက သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တလုပ်မြို့အတွင်းကို မေလ ၁၁ ရက် နေ့လည်ပိုင်းကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA၊ မြို့ပြပျောက်ကြားစစ်သည်တော်တွေနဲ့ မြင်းခြံက ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်နေကြပါတယ်။
လက်ရှိမြင်းခြံက ည ၈နာရီ နောက်ပိုင်းအခြေအနေတွေကို DRPA ရဲ့ ယာယီဒုဦးစီးချုပ်က " စစ်ကောင်စီဘက်က ပြည်သူတွေကို ပတ်ပတ်လည် ဝိုင်းထားတယ်။ တလုပ်တောင်ကုန်းမှာ သူတို့တွေ အဓိက နေရာယူထားတယ်။ နှစ်ဖက်လုံး ဒဏ်ရာရသူတွေ ရှိနေတယ်။ သူတို့ဘက်က RPG ပါ ပါလာတယ်။ အခြေအနေက ဒီည စိုးရိမ်ရတယ်။ စစ်ကောင်စီဘက်က စစ်ကားတွေ တစ်စီးပြီးတစ်စီးအင်အားဖြည့်နေတယ်။ အခုက မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ရယ် ပြည်သူတွေရယ် DRPA က ရဲဘော်တွေရယ် ပေါင်းတိုက်ကြတာဖြစ်တယ်။ အခုအခြေအနေအရ အနီးအနားက မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေ လာကူညီဖို့လိုတယ်။ မဟုတ်ရင် တလုပ်က ဒီည အသေအဖိခံရလိမ့်မယ်'' လို့ ပြောပါတယ်။
တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က တစ်ယောက်သေပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ DRPA က ထုတ်ပြန်ထားပါတယ်။ DRPA ဘက်ကလည်း ဒဏ်ရာရသူတွေရှိနေပြီး ညပိုင်းအထိ တိုက်ပွဲအခြေအနေပြင်းထန်နေဆဲ ဖြစ်ပါတယ်။