close

တဧက စပါး ၅ တင်း

close

August 18, 2022

တဧက စပါး ၅ တင်း ပိုထွက်လျှင် တိုင်းပြည်ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ ပိုရမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော

တဧကမှာ စပါး ၅ တင်း ပိုထွက်လာမယ်ဆိုရင် တိုင်းပြည်ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ ပိုရလာမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပြီး နိုင်ငံအတွင်းမှာ မိုးစပါးစိုက်ဧက ၁၅ သန်း၊ နွေစပါးစိုက်ဧက ၃ သန်း ရှိတယ်လို့ဆိုပါတယ်။

“မိုးစပါးစိုက်ဧက တဧက ပျမ်းမျှ တင်း ၇၅ တင်းထွက်ရှိရာမှ တင်း ၈၀ ထွက်ရှိအောင်ဆောင်ရွက်မယ်ဆိုရင် စပါးတင်း ၇၅ သန်းခန့် ပိုမိုထွက်ရှိလာမှာ ဖြစ်သလို နွေစပါး တဧကကိုလည်း ပျမ်းမျှ ၈၅ တင်းထွက်ရာမှ တင်း ၉၀ ထွက်လာမယ်ဆိုရင် စပါးတင်း ၁၅ သန်း ပိုမိုထွက်ရှိလာမှာဖြစ်လို့ စပါးတင်း စုစုပေါင်း ၉၀ သန်း ပိုလာရေး ရည်မှန်းချက်ပန်းတိုင်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလို လက်ရှိစိုက်ဧကမှာ အဖြစ်နိုင်ဆုံးအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်သွားရင် စပါးတင်း ၁၅ သန်း ဆန်အနေနဲ့ဆိုရင် တန်ချိန် ၁ ဒသမ ၀၈ သန်း ပိုမို ထွက်ရှိလာမှာဖြစ်ပါတယ်။

လက်ရှိဆန်ပေါက်ဈေးအရ ၁ တန်ကို ၁ သန်းနဲ့ အမေရိကန်ဒေါ်လာ ၃၅၀ သန်းနဲ့ တွက်ချက်ကြည့်ရင် တိုင်းပြည်ဝင်ငွေ အနည်းဆုံး ဒေါ်လာ ၃၅၀ သန်း တိုးတက် လာမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီဝင်ငွေနဲ့ပဲ စိုက်ပျိုးရေးသမားများလိုအပ်နေတဲ့ အဓိကသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးကိရိယာတွေကို တင်သွင်းနိုင်ပြီး ဆက်လက်ပြီး ပိုအဆင့်မြှင့်နိုင်လာနိုင်မယ်လို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ကလည်း လာမယ့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန် ဆီဖူလုံမှု အပြည့်အဝ ရရှိမယ်လို့ မျှော်မှန်းထားတဲ့အပြင် စပါး ၁ ဧက အထွက်နှုန်း ပျမ်းမျှ ၅ တင်းနှုန်း ပိုမိုထွက်ရှိပါက စပါးတင်းသန်းပေါင်း ၉၀ ခန့် ပိုမိုရရှိလာမယ် မျှော်မှန်းထားကြောင်း ဩဂုတ် ၈ ရက်ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးမှာ ပြောကြားထားပါတယ်။

စိုက်ပျိုးရေးသုတေသီတဦးက “ကျနော်တို့ဆီမှာ အသင်းအဖွဲ့တွေ ဖွဲ့ထားတာ ရှိတယ်နော်။ ဥပမာ ဆန်စပါးအသင်းပဲ ထားပါတော့။ အသင်းတွေက လယ်သမားတွေဆီက ဈေးချိုချိုနဲ့ ပြောရရင်ဗျာ။ ကြားထဲမှာ ကုန်သည်ပွဲစားတွေလည်း ပါသလို တိုက်ရိုက်ဝယ်တာတွေ လည်း ရှိတာပေါ့။ ဒီတော့ စပါးပဲဖြစ်ဖြစ်၊ ပဲ ပဲဖြစ်ဖြစ် တကယ် ချမ်းသာတာက ကုန်သည်တွေပဲ ချမ်းသာတာလေ။ လယ်သမားတွေက ချမ်းသာလာတာ မဟုတ်ဘူး။ ဒါမျိုးတွေက ပေါ်လစီ မှားလို့ပေါ့ဗျာ။ ပြောချင်တာက ဒီဟာက အသင်းအဖွဲ့တခု အုပ်စုတခုတည်းအတွက်သာ ဖြစ်နေတယ်၊ လယ်သမားတွေအတွက် မဖြစ်ဘူးဆိုရင် ဒီပေါ်လစီက မအောင်မြင်နိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာကျပ်ငွေဈေး အဆမတန်ထိုးကျနေလို့ စိုက်ပျိုးရေးမှာလိုအပ်တဲ့ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ ဈေးတက်ပြီး စိုက်ပျိုးတောင်သူတွေ အခက်တွေ့နေကြတာပါ။

ဒါ့အပြင် စစ်ကိုင်း၊ မကွေး၊ ကယား(ကရင်နီ)၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေ တောင်ယာလုပ်ကိုင်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် သီးနှံတွေမစိုက်ပျိုးနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

6 days Ago
Up