close

တာမွေမြို့နယ်

close

April 24, 2023

တာမွေမြို့နယ်တွင် တိုက်ခန်း ၇ လွှာမှ အမျိုးသား ၁ ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းက ၈ ထပ်တိုက်တခုရဲ့ ၇ လွှာအခန်းကနေ ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာ လူတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ပြုတ်ကျတဲ့အချိန် မနက်အစောပိုင်း ၂ နာရီ ၁၀ မိနစ်လောက်က မီးပျက်နေတဲ့အချိန် ဖြစ်ပြီး သေဆုံးသူ အမျိုးသားက တိုက်ခန်းအတွင်း ပူနေတာကြောင့် ဝရန်တာတံခါး ထဖွင့်ရာက အရှိန်လွန် ပြုတ်ကျခဲ့တာပါ။

“ပြုတ်ကျတာက ၂ နာရီ ၁၀ မိနစ်လောက်ပါ။ အသင်းက ရောက်သွားတော့ အသက်မမီတော့ဘူး။ မိသားစုက ပြောတာတော့ ပူလို့ ဝရန်တာတံခါးဖွင့်ရင်း အရှိန်လွန်ကျတာလို့ ပြောတယ်။ စံပြဆေးရုံ ပို့ပေးထားပါတယ်” လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန် မနက် ၂ နာရီ ၂၀ လောက်မှာ သေဆုံးသွားပါပြီ။

သေဆုံးသူရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ပေးထားပြီး တာမွေမြို့နယ်ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်က ၈ ထပ်တိုက်တခုမှာ ပူအိုက်နေလို့ ပြတင်းပေါက်ထဖွင့်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးလည်း ပြုတ်ကျ သေဆုံးခဲ့ပါသေးတယ်။

14 mins Ago

March 29, 2023

တာမွေမြို့နယ်၌ အမှိုက်ပုံးထဲစွန့်ပစ်ထားသည့် မွေးကင်းစကလေး ရုပ်အလောင်းတွေ့

ရန်ကုန်၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်၊ ဟွန်းဒိုင်းကား အရောင်းခန်းအနီးက စည်ပင်အမှိုက်ပုံးထဲမှာ မတ်လ ၂၇ ရက် ညပိုင်းက ပိုင်ရှင်မဲ့ မွေးကင်းစကလေးငယ် ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။

အဲဒီည ၈ နာရီခွဲလောက်က အမှိုက်သိမ်းနေတဲ့ စည်ပင်ဝန်ထမ်းတွေကနေ တွေ့ရှိခဲ့တာဖြစ်ပြီး တာမွေရဲစခန်းနဲ့ လူမှုကူညီရေးအသင်းတွေကို အကြောင်းကြားခဲ့တာပါ။

ဒေသခံပရဟိတအသင်းဝင်တယောက်က  "အချင်းပတ်ထားတဲ့ ကလေးလေးက မိန်းကလေးပါ၊ သေဆုံးလျက် တွေ့ရပါတယ်။ အိတ်ထဲထည့်ပြီး လာပစ်ထားကြတာ၊ စံပြဆေးရုံပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

ရုပ်အလောင်းထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်အနက်ရောင်ထဲက အချင်းတန်းလန်းနဲ့ မွေးကင်းစကလေးဟာ မိန်းကလေးလို့ သိရပြီး မွေးပြီးပြီးချင်း သေဆုံးခဲ့တာလား၊ အသတ်ခံရတာလား မသိရသေးပါဘူး။

ဘယ်သူတွေက လာရောက်စွန့်ပစ်ထားမှန်း မသိရသေးပေမဲ့ တာမွေမြို့နယ်ရဲစခန်းကတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး ကလေးရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ဆောင်ထားပါတယ်။

4 weeks Ago
Up