ကိုလံဘီယာအာဏာပိုင်တွေဟာ ဘိုကိုတာမြို့ နိုင်ငံတကာ လေဆိပ်ကနေတဆင့် မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်ဆီ မှောင်ခိုသွင်းမယ့် တာရန်တူလပ်စ်ပင့်ကူ အကောင်ရေ ၁၄၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အရာရှိတွေက မတ် ၃၁ ရက်မှာ ပြောပါတယ်။
လေဆိပ်ကုန်လှောင်ရုံက ပုံရိပ်ဖမ်းစက်မှာ ပေါ်လာတယ်လို့ ချောစာထုပ် ကုမ္ပဏီဆီက သတင်းပေး အစီရင်ခံချက်အရ သိမ်းဆည်းရမိခဲ့တာပါ။
အကြီးဆုံး ပင့်ကူမျိုးစိတ်ထဲမှာပါတဲ့ ပင့်ကူ ၁၄၃ ကောင်ကို လုံလောက်တဲ့ လေဝင်လေထွက် မရှိဘဲ စစ်တုရင်ခုံအတွင်း ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတာကို သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနနဲ့ အမျိုးသားရဲတပ်ဖွဲ့ အရာရှိတွေက တွေ့ခဲ့ကြပါတယ်။
ပင့်ကူ ၁၂ ကောင် သေဆုံးခဲ့ပြီး ၁၃၁ ကောင် အသက်ရှင်ခဲ့တယ်လို့ နယ်စပ် ကာကွယ်ရေးနဲ့ အထူးတာဝန် ဘုတ်အဖွဲ့ ဦးစီးမှူး ဂျွန် အယ်လ်ဇာတေက ပြောပါတယ်။
ချောစာထုပ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက်၊ လိုင်စင် ဒါမှမဟုတ် သုံးစွဲ သယ်ဆောင် စီးပွားဖြစ် အသုံးချမှုကို ကာကွယ်မယ့် ခွင့်ပြုမိန့်လည်း မပါပါဘူး။
သားရိုင်းတိရစ္ဆာန် ကုန်ကူးသူတွေဟာ ကမ္ဘာ့ဇီဝမျိုးကွဲ အကြီးအကျယ် ကြွယ်ဝသူ ၁၇ နိုင်ငံ စာရင်းဝင် ဇီဝမျိုးကွဲ ထောင်သောင်းချီတည်ရှိရာ ကိုလံဘီယာနိုင်ငံကို မျက်စိကျကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။