ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရဘ်ရဲ့ ကိုယ်ရံတော် ရဲအရာရှိဟာ ကျည်ထိုးထားတဲ့ သေနတ်ကို လေယာဉ်ပေါ်မှာ မေ့ကျန်ခဲ့တယ်လို့ သတင်းစာတစောင်က အစီရင်ခံခဲ့အပြီး သူ့ကို တာဝန်က ရပ်ဆိုင်းလိုက်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
လန်ဒန်မြို့တော်က ဟိသရိုးလေဆိပ် သန့်ရှင်းရေးသမားက ယူနိုက်တက်လေကြောင်းလိုင်းက လေယာဉ်ပေါ်ကနေ semi-automatic Glock 19 ပစ္စတိုသေနတ်ကို တွေ့ခဲ့တယ်လို့ ဗြိတိန်ရဲ့ ဆန်းသတင်းစာက ပြောပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုနဲ့ တွေ့အပြီး ဗြိတိန်ကို ညဘက် ပြန်လာခဲ့တာပါ။ စက်တင်ဘာ ၁၈ ရက် သောကြာနေ့က ဗြိတိန်ကိုလာတဲ့ လေကြောင်းခရီးစဉ်မှာ ဖြစ်ခဲ့တာပါ။
ဒီကိစ္စကို အလွန်အရေးတစိုက် ကိုင်တွယ်ဖြေရှင်းနေတယ်လို့ လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့အတွက် ဒါဟာ တနှစ်အတွင်း ဒုတိယမြောက် ဖြစ်ရပ်ပါ။
ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းရဲ့ သက်တော်စောင့်တွေထဲက တယောက်ဟာလည်း သူ့သေနတ်နဲ့ ဝန်ကြီးချုပ်ရဲ့ နိုင်ငံကူးလက်မှတ်ကို လေယာဉ်သန့်စင်ခန်းထဲမှာ ဖေဖော်ဝါရီလက မေ့ထားခဲ့ဖူးပါတယ်။
8 months Ago