ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ ဧပြီ ၁၈ ရက်ညက မိုးသက်လေပြင်းကျရောက်ပြီး တာ့ခ်၊ ဝမ်းကျောက်၊ ဆာမ်ငေါင်းနဲ့ ဖုပ်ဖရ စတဲ့မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ AEC ထိုင်းအာဆီယံသတင်းမှာ ဖော်ပြပါတယ်။
မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်တာတွေကြောင့် သစ်ပင်တွေ၊ ဓာတ်မီးတိုင်၊ ပိုစတာကြီးတွေ လဲပြိုပြီး လျှပ်စစ်မီးပြတ်တောက်ကုန်တာလို့ ဆိုပါတယ်။
မိုးသက်လေပြင်းကြားမှာ မတော်တဆထိခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူရှိကြောင်း၊ ဖုပ်ဖရမြို့နယ် လူမ့်ထိုင်းဖထနားရပ်ကွက် ဘန့်ဖထီလမ်းပေါ်မှာ ဆိုင်ကယ်စီးနေသူတယောက်ပေါ် သစ်ပင်လဲကျလို့ သေဆုံးသွားပြီး တာ့ခ်မြို့ ကော်လန်းရပ်ကွက် ဖဟွန်ယိုးထင်းလမ်းပေါ်မှာတော့ ဆိုင်ကယ်စီးနေရင်းနဲ့ ရှေ့ကလဲကျလာတဲ့ သစ်ပင်ကိုဝင်တိုက်မိပြီး ဒဏ်ရရသွားတာကြောင်း၊ တာ့ခ်မြို့နယ် ဆာထွန်းကျေးရွာမှာလည်း ၂ ဦး ဒဏ်ရာရပြီး ဘာကြောင့်လဲဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။
မိုးသက်လေပြင်းဒဏ်ခံရသူတွေကို လိုအပ်တဲ့အကူအညီပေးဖို့ ဒီကနေ့ ဧပြီ ၁၉ ရက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြို့နယ် ၄ ခုလုံးရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို လိုက်လံကောက်ယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အလားတူ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ထဲမှာလည်း မနေ့ညက မိုးသက်လေပြင်းကျ တာကြောင့် သစ်ပင်တချို့လဲကျပြီး အနိမ့်ပိုင်းလမ်းမပေါ်မှာ ရေလွှမ်းမှုတွေဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အပူပိုင်းမုန်တိုင်းဝင်ရောက်တာကြောင့် နောက် ၂၄ နာရီအတွင်း ထိုင်းမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ရှိတယ်လို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။