ဧရာဝတီတိုင်း ပုသိမ်မြို့မှာ သင်္ကြန်ကာလအတွင်း နိုင်ငံတော်၊ တပ်မတော် စတာတွေနဲ့ ပတ်သက်ပြီး သံချပ်ထိုးခြင်း မပြုလုပ်ဖို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြို့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၉ ရက်နေ့မှာ တားမြစ်မိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
“နိုင်ငံတော်၊ တပ်မတော်၊ လူမျိုးရေး၊ ဘာသာရေး၊ လူတဦးချင်း၊ လူအများနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ ဂုဏ်သိက္ခာထိခိုက်စေမည့် ပြည်တွင်း ပြည်ပ ခရီးသွားများ၊ဒေသခံပြည်သူများ စိုးရွံထိတ်လန့်စေသည့် သွေးထိုးလှုံဆော်မှု၊ မမှန်မကန်ဝါဒဖြန့်ဖန်တီးမှုများ၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြုမူခြင်း ပြောဆိုခြင်း သံချပ်ထိုးခြင်း၊ သီဆိုခြင်း လှုပ်ရှားဆောင်ရွက်မှုများ မပြုလုပ်ရ" စတာတွေအပါအဝင် ၁၃ ချက်ကို ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အချက် ၁၃ ချက်ပါ ကြေညာချက်ဟာ ဧပြီ ၁၃ ကနေ ၁၆ ရက်နေ့အထိ အတည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။
"သင်္ကြန်ကို စည်းအောင် သူတို့လုပ်နေတယ်။ မဏ္ဍပ်တွေလည်း ဌာနဆိုင်ရာတွေပါ ဆောက်ကြတယ်။ သူတို့တပ်နေရာတွေလည်း အကုန်ဆောက်တယ်ကြားတယ်။ ကျနော်မိသားစုတွေက သင်္ကြန်ကာလမှာ အပြင်မထွက်ဘူး” လို့ ပုသိမ်မြို့နေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ထုတ်ပြန်ချက်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ပါက တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Youths Union of Bassein အဖွဲ့က "ပျော်စရာသင်္ကြန်မဆင်နွှဲ တော်လှန်သင်္ကြန်ဆင်နွှဲ၊ အကြမ်းဖက်စစ်တပ်၏လုပ်ဆောင်မှုမှန်သမျှ ဆန့်ကျင်ကြ၊ တိုက်ပွဲဝင်မှ အောင်ပွဲဆင်၊ အရေးတော်ပုံ မုချအောင်မြင်ရမည်" ဆိုပြီး တိုက်တွန်းထားပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်းပေါ်မှာ ဗဟိုမဏ္ဍုပ်၊ ပညာရေး၊ ဆောက်လုပ်ရေး၊ ရဲ၊ ရခိုင်ရိုးရာမဏ္ဍပ်တွေ ဆောက်လုပ်ထားပါတယ်။
မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ နိုင်ငံတဝန်း စစ်ကောင်စီဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊ အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့ စင်းတလန်ဒေသမှာ မတ် ၁၂ ရက်ကစပြီး CDF- မတူပီ တပ်ရင်း-၂ ခွင့်ပြုချက်မရှိဘဲ အုပ်ချုပ်ရေးဖွဲ့စည်းတာ၊ လက်နက်ကိုင်တပ် ဖွဲ့စည်းတာနဲ့ စခန်းချတာ စတာတွေ မလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
CDF- မတူပီ တပ်ရင်း-၂ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း မတ်လ ၁၂ နေ့က စတင်ပြီး CDM မဟုတ်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖြတ်သန်းသွားလာခွင့်မပြုဖို့၊ အရက်သေစာ မူးယစ်ဆေးဝါးများရောင်းဝယ် ဖောက်ကားတာ၊ ငါးမိုင်းခွဲတာနဲ့ အမဲလိုက်တာတွေ မပြုလုပ်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ရပ်ရွာအတွင်း တပ်ရင်းရဲ့ ခွင့်ပြုချက်မရှိဘဲ တည်းခိုခွင့်၊ ၀င်ထွက်သွားလာတာတွေ မပြုလုပ်ဖို့၊ စစ်ဘေးရှောင်တွေ မိမိတို့နေအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲ၊ နွားတွေကို တပ်ရင်းကို အကြောင်းမကြားဘဲ ယူဆောင်သွားတာမျိုး မလုပ်ဖို့ စတဲ့ အချက် ၆ ချက် တားမြစ်လိုက်တာပါ။
CDF-မတူပီရဲ့ တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။