ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်းက ယာကွတ်ရှာဒေသမှာ နွေရာသီအပူလှိုင်းကြောင့် ဆိုးဆိုးရွားရွား တောမီးလောင်နေလို့ မိုးပိုရွာအောင် ရုရှားအစိုးရက တိမ်မျိုးစေ့တွေ ကြဲခဲ့ပါတယ်။
နိုင်ငံရဲ့ ၁၁ နေရာမှာ တောမီးလောင်နေတာကို ၂၄ နာရီအတွင်း ငြှိမ်းသတ်နိုင်ခဲ့ပြီး သစ်တော ၄၂ ဟက်တာ လောင်ကျွမ်းခဲ့တယ်လို့ ဒေသန္တရပဋိပက္ခဖြေရှင်းရေးဌာနကို ကိုးကားပြီး အင်တာဖက်စ်သတင်းဌာနက ဖော်ပြထာပါတယ်။
ယာကွတ်ရှာ သစ်တောတွေအတွင်း နေရာ ၁၆၃ ခုမှာ တောမီး ဆက်လောင်နေတယ်လို့ ယာကွတ်ရှာအစိုးရကပြောပါတယ်။
တောမီးတွေကြောင့် ဒေသတွင်း တနှစ်ပတ်လုံး အေးခဲနေတဲ့ သစ်ဆွေးမြေတွေ အရည်ပျော်ပြီး ရေခဲနေတဲ့ တန်ဒြာဒေသအတွင်း တာရှည်သိုလှောင်ထားတဲ့ ကာဗွန်ဓာတ်ငွေ့တွေ ပိုထွက်လာမှာကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
၂၀၂၁ နှစ်စကစပြီး ယာကွတ်ရှန် သစ်တောဟက်တာ ၇ သန်းကျော်ကို တောမီးလောင်ကျွမ်းခဲ့ပြီး အဲဒီဧရိယာဟာ ဂျော်ဂျီယာနိုင်ငံ တနိုင်ငံစာ ရှိတယ်လို့ ပြည်ထောင်စု သစ်တောဌာနက ဆိုပါတယ်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ယာကူတီယာစီရင်စုမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ရေး မိုးရွာအောင်လို့ ရုရှားလေယာဉ်တွေက တိမ်မျိုးစေ့တွေကို ကြဲချခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
တောမီးတွေက ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတရုံနားကို အန္တရာယ်ရှိလောက်တဲ့ အထိ နီးနီးကပ်ကပ် ကူးစက်လာခဲ့လို့ ခုလို လုပ်တာပါ။
ရုရှား သစ်တောကာကွယ်ရေးဌာနက တနင်္လာနေ့မှာ ဖြန့်ချိတဲ့ပုံတွေထဲမှာ လုပ်သားတွေဟာ တောမီးကို ငြှိမ်းသတ်ရေး ကူညီဖို့ ဆိုက်ဘေးရီးယား တာအီဂါဒေသအလယ်မှာ လေထီးခုန်နေ ပုံကို ပြထားပါတယ်။
ပြည်ထောင်စု သစ်တောဌာန အကြီးအကဲကလည်း လေနာဒေါက်တိုင်တွေလို့ ခေါ်တဲ့ ထင်ရှားတဲ့ သဘာဝယာကူတီယာဒေသဟာ တောမီးတွေကြောင့် လုံးဝ ပြောင်ရှင်းသွားတော့မယ်လို့ ပြောပါတယ်။
အပူလှိုင်းဖြတ်သန်းနေချိန်မှာ လောင်ကျွမ်းတဲ့ တောမီးတွေေကြောင့် ယာကူတီယာဒေသက မြေဟက်တာ ၁ ဒသမ ၅ သန်းကျော် လောင်ကျွမ်းခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ အရာရှိတွေက ပြည်သူတွေ အိမ်ထဲနေကြဖို့နဲ့ မီးခိုးတွေကြောင့် ပြတင်းပေါက်တွေကို ပိတ်ထားကြဖို့ ပြောခဲ့ရပါတယ်။
ကမ္ဘာ့အအေးဆုံးမြို့လို့ တချိန်က သိခဲ့တဲ့ မြို့တော် ယာကွတ်စ်ခ်မှာ ခုတော့ မြင်နိုင်စွမ်း ကျဆင်းနေလို့ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားရပြီး လေနာမြစ်တွင်း သယ်ယူပို့ဆောင်ရေးလည်း အနှောင့်အယှက် ဖြစ်နေပါတယ်။