နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွှေမြို့ဘူတာကနေ နေပြည်တော်ဘူတာကြီးဘက်ကို ထွက်လာတဲ့ တွဲဆိုင်း ၃၂ တွဲပါ ကုန်ရထားတစီး ဧပြီ ၂၆ ရက် ဒီနေ့မနက် ၁၀ နာရီက မိုင်တိုင်အမှတ် ၂၄၆ မှာ မှောက်ခဲ့တယ်လို့ မြန်မာ့မီးရထားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရွှေမြို့ဘူတာကနေ သကြား၊ ပြောင်း အစရှိတဲ့ ကုန်ပစ္စည်းတွေကို တွဲဆိုင်း ၃၂ တွဲပါ ကုန်ရထားနဲ့ တင်ဆောင်လာစဥ် မိုင်တိုင်အမှတ် ၂၄၆ မှာ လမ်းချော်တိမ်းမှောက်ခဲ့တာလို့ မီးရထားနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရထားတွေက ကြံ့ခိုင်မှုမရှိသလို လမ်းတွေလည်း သိပ်မကောင်းဘူး။ ဒီလထဲမှာပဲ ရထားသံလမ်းချော်ပြီး မှောက်တာ နှစ်ကြိမ်ရှိပြီ။ ရန်ကုန်-မော်လမြိုင်ရထားလည်း မှောက်တာရှိတယ်။ အဲ့တုန်းက လူတွေ ဘာမှမဖြစ်လို့ တော်သေးတယ်။”
ကုန်ရထားတွဲမှောက်ပြီး အစုန်/အဆန် ရထားလမ်း ပိတ်ဆို့မှုဖြစ်ခဲ့ပြီး အစုန်/အဆန် ရထားတွေဟာ အဆန်တွဲ ရှောင်လမ်းမှတဆင့် သွားရတယ်လို့ တပ်ကုန်းမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရထားမှောက်တာကြာပေမဲ့ ရထားက တာဝန်ရှိတဲ့သူတွေ ချက်ချင်းမလာဘူး။ အဲ့ဒါကြောင့် အစုန်အဆန်ရထားတွေ ရှောင်လမ်းက သွားရတယ်။ ပြီးမှရောက်လာတယ်။ အခု မှောက်တဲ့ရထားကို စစ်ဆေးနေတယ်။”
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ရန်ကုန်ဘူတာကြီးကနေ ထွက်လာတဲ့ အမှတ် ၈၉ အဆန် ရန်ကုန်-မော်လမြိုင်ရထား အဲ့ဒီနေ့ နေ့လယ် ၂ နာရီခွဲက ကျိုက္ကသာဘူတာနဲ့ ကျိုက်ထိုဘူတာ လမ်းပိုင်းကြားမှာ လမ်းချော်ပြီး မှောက်ခဲ့ပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၆/၆ မှာ ဒီနေ့ညနေငါးနာရီခွဲက တိုရိုတာဒိုင်နာ ယာဥ်တစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
အရှိန်နဲ့မောင်းလာတဲ့ တိုရိုတာဒိုင်နာယာဥ်မှာ မိုင်တိုင်အမှတ် ၂၉၆/၆ အရောက် အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာလို့ သွားရောက်ကူညီရာမှာ ပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကားပေါ်မှာ ၁၄ ယောက်ပါလာတာ သုံးဦးသေတယ်၊ ကိုးဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲမှာ တဦးက စိုးရိမ်ရတယ်။"
ယာဥ်တိမ်းမှောက်ရာကို သီးကုံးအမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ ဝန်ဇင်းလူငယ်အသင်း၊ သုခမေတ္တာအသင်း၊ ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းတွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
သေဆုံးသူသုံးဦး၊ ဒဏ်ရာရရှိသူ အမျိုးသားသုံးဦး နဲ့ အမျိုးသမီးခြောက်ဦးကို မိတ္တီလာဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးလိုက်တယ်လို့ သူကရှင်းပြပါတယ်။
ဓာတ်ပုံ- ပြည်သာယာ လူမှုကူညီရေးအသင်း