close

တိမ်းရှောင်

close

August 21, 2021

လေကြောင်းတိုက်ခိုက်မှုခံရမည်ကို စိုးရိမ်သဖြင့် ဖာပွန်ဒေသခံပြည်သူများ တိမ်းရှောင်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)နေ  ဒေသခံ တွေဟာ စစ်ကောင်စီရဲ့ လေတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှာကို စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့  ကေအန်ယူက ဩဂုတ် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အခုရက်ပိုင်းအတွင်း KNU/KNLA တပ်မဟာ- ၅  ထိန်းချုပ်နယ်မြေမှာ  စစ်ကောင်စီရဲ့တပ်တွေ အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာတဲ့အပြင် လေယာဉ်တွေ နေ့စဉ်ပျံသန်း ကင်းထောက်နေတာတွေရှိနေတဲ့အတွက် လေကြောင်း တိုက်ခိုက်မှာကို စိုးရိမ်ထိတ်လန့်ပြီး ဒေသခံ​တွေ ထွက်ပြေးတိမ်းရှောင်နေ​တာပါ။ 

သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ KNU/KNLA  တပ်မဟာ ၅ နယ်မြေအတွင်းကို အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားရာမှာ တိုက်ပွဲပေါင်း အကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က  နယ်ကျော်လှုပ်ရှားသွားလာရာမှာ ဒေသခံတွေရဲ့ လယ်​​၊ လယ်ကွင်းနဲ့ ဥယျာဉ်ခြံမြေအတွင်း လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်တာတွေ ရှိပါတယ်။ 

သြဂုတ် ၁ ရက်ကစပြီး  စစ်ကောင်စီတပ်တွေ ပိုမိုလုပ်ရှားလာတဲ့အပြင် စစ်လက်နက်ပစ္စည်းနဲ့ အင်အားဆက်လက်ပို့ဆောင်​နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြီး ပိုမို ပြင်းထန်လာနိုင်တယ်လို့ KNU/KNLA  တပ်မဟာ- ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

သြဂုတ် ၁ ရက်မှ ၁၅ ရက်အထိ KNU/KNLA  တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ  တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူသတင်းဌာနက ​သြဂုတ် ၁၈ ရက်က  ထုတ်ပြန်ထားပါတယ်။

6 mins Ago
Up