မကွေးတိုင်း၊ အောင်လံမြို့ရှိ အများပြည်သူတွေ အပန်းဖြေသွားရောက်လေ့ရှိတဲ့ ဧက ၆၀ ဝင်းထဲမှာ ပြသထားတဲ့ တိရစ္ဆာန်တွေ အစာရေစာ ပြတ်လပ်နေတာတွေ့ရတယ်လို့ အဲဒီနေရာကို သွားရောက်ခဲ့သူတွေထံက သိရပါတယ်။
အဲဒီနေရာမှာ အောင်လံမြို့ မဟာသမယကျောင်းဆရာတော်က ဦးဆောင်ပြီး ဘုန်းကြီး ကျောင်းနဲ့ ဓမ္မရိပ်သာဖွင့်ထားတဲ့နေရာဖြစ်သလို အများပြည်သူလည်ပတ်လို့ရအောင် ပန်းခြံတွေ၊ အရုပ်တွေ၊ ထိုင်ခုံရောတွေ အပြင် လာလှူထားကြတဲ့ တိရစ္ဆာန်တွေကိုလည်း ပြသထားတာဖြစ်ပါတယ်။
မြွေတွေဆို ခြံထဲမှာ အစာရေစာပြတ်လပ်ကာ ခြောက်ကပ်ပြားနေပြီး ဒေါင်းခြံထဲမှာလည်း ထမင်းခဲတွေကလွဲလို့ ဘာမှမရှိဘဲ ရေကန်မှာလည်း ခြောက်ကပ်ပြီး ရေ မထည့်တာအတော်ကြာနေလောက်ပြီလို့ မတ်လ ၂၉ ရက် ညနေက သွားရောက်လည်ပတ်ခဲ့တဲ့ ဒေသခံ ပြောပါတယ်။
“ကျနော်တို့ ရောက်သွားတော့ သူတို့တွေရဲ့ကန်ကို ရေဖြည့်တဲ့နေရာမှာ ရေမရှိတာပါပဲ။ ခြံတစ်ခုစီရဲ့နောက်မှာ ပိုက်နဲ့ကျောက်ကန်လေးတွေရှိပေမဲ့၊ ဘယ်ပိုက်မှရေမလာဘူးဖြစ်နေတာ။ ခပ်သုံးရတဲ့ရေကန်တွေတောင် ကုန်သွားလို့ ဘယ်က ရေယူရမှန်းမသိဖြစ်ခဲ့တယ်။ အစားအသောက်ကတော့ ဆရာတော်ကလည်း ကျွေးနေတယ်ပြောတယ်၊ မြွေတွေကိုကျတော့ ကြက်ဥတွေချည်း ကျွေးနေတာလို့ပြောပါတယ်။ အသားလည်းမစားဘူးလို့ ပြောပုံအရဆို မြွေတွေမှာစားချင်စိတ်မရှိတာမျိုးဖြစ်နိုင်ပါတယ်။”
အဲ့ထဲမှာ ဘုန်းကြီးက ဓမ္မာရုံတွေ၊ တရားစခန်းတွေ၊ တဦးချင်းထိုင်တဲ့ တရားဆောင်တွေအပြင် လာလှူတဲ့ တိရစ္ဆာန်တွေကိုလည်း အခန်းလေးတွေနဲ့ ထားရှိတာ ၃ နှစ်လောက်တော့ရှိနေပြီဖြစ်ပါတယ်။
ရွာထောင်မြို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက “ဆရာတော်က မြို့ထဲမှာလည်း စာသင်တိုက်ရှိတော့ ဟိုဖက် သွားလိုက် ဒီဘက်သွားလိုက်နဲ့ တချို့နေရာလေးတွေမှာတော့ လိုအပ်ချက်ရှိတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
အဆိုပါနေရာဟာ အောင်လံမြို့၊ ရွာထောင်ဘက်ကနေ ၂ မိုင်လောက်အကွာမှာရှိတာဖြစ်ပြီး မြေ ဧက ၆၀ ကို ဒေသခံ ယာသမားမိသားတစုက လှူဒါန်းထားခဲ့တဲ့ နေရာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ မြန်မာနိုင်ငံဘက်မှ ခိုးသွင်းလာတယ်လို့ ယူဆရတဲ့ တိရစ္ဆာန်အမျိုးမျိုး အကောင် ၁၄၀ ကို မီဇိုရမ်ပြည်နယ်ဒေသတွင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်မနက် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျန်ဖိုင်းမြို့မှာနေထိုင်ကြတဲ့ ဒေသခံအမျိုးသား ၃ ဦးစီးလာတဲ့ ကား ၃ စီးအား ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာမှ အဲ့ဒီတိရစ္ဆာန်တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လိပ်၊ မျောက်၊ စပါးအုံးမြွေ၊ မိချောင်းသားပေါက်၊ သားပိုက်ကောင် စတဲ့ တိရစ္ဆာန် အကောင် ၁၄၀ ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖမ်းဆီးရမိတဲ့ တိရစ္ဆာန်နှင့် ငှက်တွေရဲ့ တန်ဖိုးဟာ ရူပီးငွေသိန်း ၁၃၀ ကျော်ရှိတယ်လို့လည်း ရေးသားထားပါတယ်။
မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်ဆောင်ရွက်နေပြီး နေ့စဉ် နဲ့အမျှ နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးဖမ်းဆီးမှုမြင့်တက်လာပြီး ဖမ်းဆီခံရတဲ့အထဲ မြန်မာနိုင်ငံသားအများစု ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို တိမ်းရှောင်ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား လေးသောင်းကျော် ရှိတယ်လို့ သိရပါတယ်။