close

တိုက်ခိုက်ခံရ

close

May 8, 2023

စင်ကာပူနှင့်အင်ဒိုနီးရှား သံအရာရှိများ၏ ယာဉ်တန်း ဆီဆိုင်တွင် တိုက်ခိုက်ခံခဲ့ရ

စင်ကာပူနဲ့ အင်ဒိုနီးရှား သံအရာရှိတွေအပါအဝင် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) က တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မေ ၇ ရက် မနက် ၁၀ နာရီလောက်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီယာဉ်တန်းမှာ ရန်ကုန် စင်ကာပူသံရုံးက အရာရှိနှစ်ဦး၊ အင်ဒိုနီးရှားသံရုံးက အရာရှိနှစ်ဦး၊ AHA ရုံး တာဝန်ရှိသူ ၃ ဦးနဲ့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းတွေ အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အတွင်းရေးမှူး ၂ နန်းယဉ်စိုးလည်း ပါဝင်တယ်လို့ PNLO အတွင်းရေးမှူး ဦးခွန်ထွန်းတင်က ပြောပါတယ်။

“မနေ့က ကျနော်တို့ စစ်ဘေးရှောင် ရေဖြူရွာနဲ့ ကယန်းလေးရွာမှာ စစ်ဘေးရှောင်မိသားစု ၁၀ စုကို ကျနော်တို့ ပစ္စည်းတွေကို အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေး စင်တာ (AHA Centre) က ကူညီဖို့အတွက် အဲဒါကို သံတမန်တွေလည်း တက်ရောက်မယ်ဆိုပြီးမှ လာလိုက်တာ။ တောင်ကြီးကနေ ကားထွက်လာတာပေါ့နော်။ ဆီဆိုင်အဝင် ၄ မိုင်အကွာလောက်မှာ နန့်အော့ရွာနားမှာ ချုံခိုတိုက်ခိုက်ခံရတာပေါ့။”

ဒီတိုက်ခိုက်မှုအတွင်း အဆိုပါယာဉ်တန်းနောက် ပွိုင်လိုက်ပေးတဲ့ ရဲကားထိခိုက်ပြီး ရဲတဦး ထိခိုက်ခဲ့ ပြီးနောက်မှာ‌တော့ အဆိုပါ သံတမံကားဟာ နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ ဦးခွန်ထွန်းတင်က ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ်ဆိုတာကို သေချာမသိရသေးပေမယ့် ဒီလိုတိုက်ခိုက်မှုတာ မနာလိုမှုတွေကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဒါကတော့ မကောင်းဘူးပေါ့။ ကျနော့် စစ်ဘေးရှောင်တွေ အများကြီးရှိတော့ သူတို့အတွက် စားဝတ်နေရေး ပြဿနာကို တဖက်တလမ်းကနေ ကူညီပေးတာကို ဒီလိုမျိုး မနာလိုမှုရှိနေတာကို သိလိုက်ရတာပေါ့နော်။ ဒီအစီစဉ်ကို မလိုလားဘူးဆိုတာကို သိလိုက်ရတာပေါ့။”

သံတမန်တွေ ပြန်လှည့်သွားပေမယ့် အကူအညီပေးမယ့် ပစ္စည်းတွေကိုတော့ PNLO ဆက်ဆံရေးရုံးကနေတဆင့် စစ်ရှောင်မိသား ၁၀ စုကို ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ အကူအညီတွေထဲမှာ အသုံးဆောင်ပစ္စည်းတွေ၊ ဆန် နဲ့ မိသားစုဝင် တဦးချင်းဆီအတွက် ကျပ်ငွေ ၁ သောင်းစီ ထောက်ပံ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ PNO ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ PNO ဟာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဌာနက ဒီနေ့ညပိုင်း သတင်းထုတ်ပြန်ရာမှာတော့ အာဆီယံ AHA Centre ကိုယ်စားလှယ်တွေ၊ အင်ဒိုနီးရှားနဲ့ စင်ကာပူသံရုံး ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဆီဆိုင်မြို့နယ်၊ နန့်အောရွာ မြောက်ဘက် မီတာ ၂၀၀ အကွာမှာ အသင့်စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ရှစ်ထောင်ကျော် ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေ ၆ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ သန်း ၈ သိန်းကျော် ရှိနေပြီး အဲဒီအထဲက ၁ သန်းခွဲဟာ စစ်တပ်အာဏာသိမ်းပြီးမှ အသစ်ဖြစ်လာတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

9 hours Ago

ပေါက်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ မေလ ၇ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ အုန်းတောရွာနားမှာ မေလ ၇ ရက် မနက် ၆ နာရီခွဲလောက်က အဖွဲ့ ၂ ဖွဲ့ခွဲပြီး အင်အား ၄၀ လောက်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အုန်းတောရွာ လမ်းမကြီးဘေး မဲဇလီတန်း အနောက်ဘက်မှာ မိုင်း ၁၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ ၆ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ အပါအဝင် စစ်သားတွေနဲ့ ပျူစောထီးတွေကို ကားတစီးနဲ့ လာတင်ပြီး ပေါက်မြို့ဘက်ကုိ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“အဲဒီစစ်ကြောင်းဟာ အင်အား ၅၀ လောက်ထပ်တိုးပြီး အုန်းတောရွာ အနောက်ဘက်မှာ ကင်းပုန်းဝပ်နေလို့ ည ၇ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ် ကန်နီ ပျူစောထီးရွာကိုလည်း မေလ ၇ ရက် မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ ဒရုန်းနဲ့ မီးလောင်ဗုံး အလုံး ၂၀၊ အီနာဂါဗုံးသီး အလုံး ၄၀ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ကန်နီရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ မေလ ၅ ရက်နေ့မှာ မကျည်းလေးပင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံးလောက် မီးလောင်ကျွမ်းခဲ့တဲ့အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ ဒရုန်းတပ်စိတ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်(...)၊ ပျူ(...)တွေအနေနဲ့ အသိတရားရရှိဖို့၊ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ နေ့စဥ် ခံစားနေအောင် ရည်ရွယ်ကာ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမ ရှိခဲ့ဘူး” လို့ ‌ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

16 hours Ago

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေလ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီကား ၃ စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကူလာတဲ့ ကား ၅ စီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပခုက္ကူမြို့နယ် ပကဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို မနေ့ မနက် ၅ နာရီလောက်က သာကြီးတောင်နားမှာ ပဒေသာမိုင်း ၁၄ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖကနေ ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။

“ကား ၂ စီးထိခိုက်ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ကားကို သာကြီးတောင်ရေနံမြေမှာ ဝင်ပြင်တယ်လို့သတင်းရတယ်။ နောက်တစီးကကျတော့ Jammer ပါတော့ကျတော့ဆွဲလို့ မရဘူးဖြစ်နေတယ်။ အဲဒီကားပေါ်မှာလည်း စစ်(...)တွေပါတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ပခုက္ကူမြို့ကနေ နောက်ထပ် ကား ၅ စီး စစ်ကူအနေနဲ့ကော ရိက္ခာအနေနဲ့ကော နောက်ထပ် ထပ်ထွက်လာတာ။ အဲဒီကားပေါ်မှာတော့ (....)အင်အားတယ်။ ကျနော်တို့က ကြိုစောင့်ပြီးတော့ အီနာဂါဗုံးသီး ၆ လုံးနဲ့ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ ကားပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုကြောင် စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ ပခုက္ကူဆေးရုံမှာ အတွင်းလူနာအဖြစ် အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး သေဆုံးသူ ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၁)ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး  PDF ရဲဘော်တွေ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာ ကန်တော်ကျေးရွာနားမှာလည်း  မနေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မနေ့ မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေလိုက်ပါလာတဲ့ ကား ၅ စီးကို ကန်တော်ရွာကို ဖြတ်သွားတဲ့အချိန်မှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၈ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မိုင်းဆွဲခံရတဲ့ ကားတစီးကတော့ ကမ္မမြို့နားကဂျိုးပျံရပ်ကွက်မှာ မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို  မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ကမ္မမြို့အနောက်ဘက်မှာ မြိုင်ပကဖတပ်ရင်း(၁)နဲ့ KMDF တို့ပူးပေါင်းပြီး မိုင်း ၆ လုံးနဲ့  မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်ကားပေါ်ကပြုတ်ကျကာ သေဆုံးသွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ မေလ ၄ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

22 hours Ago

April 25, 2023

မုံရွာအဝင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၂ ဦးသေ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ပစ်ခတ်တိုက်ခိုက်မှုကို တော့ ဧပြီ ၂၄ ရက်နေ့လည် ၂ နာရီလောက်မှာ Golden Eagle Force-Monywa ၊ Aung San Generation(မုံရွာခရိုင် တပ်ရင်း - ၁၃)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှု ရုပ်သံဗွီဒီယိုဖိုင်ကိုလည်း Golden Eagle Force-Monywa အဖွဲ့က မျှဝေထားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်ကတော့ လက်မောင်းထိသွားခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ တွေ ပြင်းထန်နေကာ စစ်ကိုင်းတိုင်းကလည်း မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။

2 weeks Ago
Up