ကနေဒါနိုင်ငံ၊ ဆာစကတ်ချဝန်ပြည်နယ်မှာ လူ ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရသွားအောင် တိုက်ခိုက်ခဲ့သူလို့ယူဆရတဲ့ သံသယရှိသူနှစ်ယောက်ကို ရှာဖွေနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ရဲတပ်ဖွဲ့က ဒါမီယံစန်ဒါဆန်နဲ့ မိုင်လက်စ်စန်ဒါဆန်တို့ကို သံသယရှိသူနှစ်ဦးအဖြစ် ရှာဖွေနေတာဖြစ်ပြီး သူတို့ နှစ်ယောက်ဟာ အနက်ရောင် Nissan Rogue ကားနဲ့ ခရီးသွားနေခဲ့သူတွေလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဆာစကတ်ချဝန်ပြည်နယ်မှာရှိတဲ့ ဂျိမ်းစ်စမစ်ခရီးနေးရှင်းနဲ့ ဝယ်လ်ဒန်အပါ အဝင် နေရာအများအပြားမှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ မှုခင်း ၁၃ ခုရှိတယ်လို့ ဆာစကတ်ချဝန်ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ခံရသူတချို့ဟာ ပစ်မှတ်ထားတာခံရပြီး တချို့ကတော့ ကြုံရာ ကျပန်း တိုက်ခိုက်ခံရတာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆေးရုံအသီးသီးကို ပို့ဆောင်ထားရတဲ့ ဒဏ်ရာရသူတွေ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။