စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ မအူရွာအခြေစိုက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူပေါင်းစခန်းအား ဧပြီ ၁၀ ရက် ညနေ ငါးနာရီခွဲလောက်မှာ အပြီးအပိုင် စခန်း သိမ်းနိုင်ခဲ့တယ်လို့ Freedom Revolution Force (FRF) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
"အခုတိုက်ပွဲ တိုက်ဖို့ရာအတွက် လွန်ခဲ့တဲ့ တလကျော်ကျော်လောက်ကတည်းက တိုက်ပွဲ ဖော်ဆောင်ဖို့ မင်းကင်းအဖွဲ့က ဦးဆောင် အစီအစဥ်ဆွဲခဲ့ကြတာဗျ။ တိုက်ပွဲကြာချိန်ကတော့ သုံးနာရီလောက် ကြာတယ်ဗျ။ နေ့ခင်း ၂ နာရီလောက်က တိုက်ပွဲစခဲ့တာ။ သူတို့ဘက်က အထိအခိုက် တော်တော်များတော့ လေကြောင်း အကူလာတယ်။ အဲမှာ သူတို့ ဆုတ်ရင်း လူတွေ ပြန်သယ်နိုင်သွားတယ်ဗျ။ လက်နှက်အချို့လည်း သိမ်းဆည်းရခဲ့တယ်ဗျ။ ကိုယ့်ဘက်က အထိအခိုက်ကတော့ မစိုးရိမ်ရ ဒဏ်ရာပေါ့။ ၄၀ မမ မှန်တဲ့ရဲဘော် နှစ်ယောက်နဲ့ နောက်စေ့ကျည်ရှပ်မှန်တဲ့ ရဲဘော်တဦးနဲ့ဆို သုံးဦးရယ်၊ အခြားအဖွဲ့ကလည်း ၃ ဦးလောက် ရှိတော့ စုစုပေါင်း ၆ ဦးလောက် ရှိမယ်ဗျ။ အဲဒီစခန်းကို သိမ်းပိုက် မီးရှို့နိုင်ခဲ့တယ်" လို့ FRF သတင်းပြန်ကြားရေး တာဝန်ခံ ဆရာ ချစ်ဖြိုးက ပြောပါတယ်။
အဆိုပါ စခန်းဟာ မြေအောက် ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်ပြင် တည်ဆောက်ထားတဲ့ စခန်း ဖြစ်ကာ မဟာမိတ်တပ်ဖွဲ့ဘက်မှ ၄၀ မမ လက်နက်ကြီးတွေ၊ စနိုက်ပါတွေ၊ မောင်းပြန် ရိုင်ဖယ်တွေနဲ့ သုံးနာရီလောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က MI 35 တစီးနဲ့ လေကြောင်း ပစ်ကူပေးခဲ့ပေမဲ့ အထိအခိုက် အကျအဆုံး များစွာနဲ့ စခန်းအား စွန့်ခွာသွားကြတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force FRF (Eagle 2) စစ်ကြောင်းနဲ့အတူ KG အဖွဲ့၊ မင်းကင်းမြို့နယ် PDF၊ မင်းကင်း ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၉၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်လို့ FRF က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်မှာ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲဟာ မနက် ၁ နာရီကနေ ၄ နာရီအထိ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲက စခန်းသိမ်းတိုက်ပွဲပဲ။ အခြေအနေမလှတော့ စစ် (--)တွေက လေယာဉ် ၂ စီးနဲ့ကို လာပစ်ရတယ်။ လေယာဉ်ပစ်လို့ တိုက်ပွဲက ပြီးသွားတယ်။ ကျနော်တို့ဘက်က ၁ ဦးကျတယ်။ ၆ ဦး ဒဏ်ရာရှိတယ်ဗျ။ လေယာဉ်နဲ့ပစ်လို့ ဒေသခံအကျအဆုံးကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ကိုးတောင်ဘို့အထိုင်ကနေ ကောလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထွက်သွားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီနောက်တန်းစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက် စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် အခုလို လေယာဉ်နဲ့ စစ်ကူလာပစ်တာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီဗွီဘီ အနေနဲ့လည်း သီးခြား အတည်ပြုမပြုနိုင်သေးပါဘူး။
အဲဒီတိုက်ပွဲကို ဒေသခံ Kotaungbo Revolution KTB-R အပါအဝင် တခြား ညီနောင်မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် မိုင်းဆွဲတိုင်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာပဲ သေဆုံးသူတွေကို မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
"မနက် ၇ နာရီလောက်က စစ်ကောင်စီတပ် အင်အား ၇၀ လောက် ဘူတာရုံဟောင်းနားမှာ မိုင်းဆွဲခံရတာ။ ကျနော် သိသလေါက် မိုင်းဆွဲခံရတဲ့နေရာမှာ ၄ ဦးသေလို့ မြှုပ်ထားခဲ့တယ်။ ခြေပြတ်ပြီး ဒဏ်ရာနဲ့ သယ်သွားတာကလည်း ၁၀ ဦးလောက်တွေ့တယ်။ လမ်းမှာ ၃ ဦးထပ်သေလို့ နောတန်းရွာနားမှာ ဖြစ်သလို မြေမြှုပ်ထားခဲ့တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီ ခလရ ၇၈ အင်အား ၇၀ လောက်ပါအဖွဲ့ဟာ ချောင်းဝရွာကနေ မိုးဒါးလေးကျေးရွာကို စစ်ကြောင်းထိုးလာစဉ် မြို့လှ KPDF ရဲ့ ဗိုလ်မိုးကြိုးအဖွဲ့က တိုက်မိုင်း ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Myo Hla PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို ချောင်းဝရွာနဲ့ နောတန်းအနီးမှာ KPDF မိုင်းဆရာ ဗိုလ်ဂုဏ်မာန်နဲ့အဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။