ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ဖို့ ထိုက်တန်ကြောင်း နည်းပြဆောက်ဂိတ်ကချီးကျူးပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လာမယ့်ယူရိုခြေစစ်ပွဲစဉ်တွေအတွက် ကစားသမား ၂၅ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ လက်ရွေးစင်အတွက် တစ်ပွဲမှ မကစားဖူး သေးတဲ့ ဘရန်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ရွေးချယ်ခဲ့တာပါ။
တိုးနေဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် အရေးယူခံထားရပေမဲ့ တရားရုံးမှာ ကြားနာစစ်ဆေးမှု မလုပ်ရသေးသလို မိခင်ကလပ်အသင်း ဘရန့်ဖို့ဒ်အသင်းက တောင်အသုံးပြုနေဆဲဖြစ်လို့ လက်ရွေးစင်မှာရွေး ချယ်ခဲ့တာလို့ ဆောက်ဂိတ်က ပြောပါတယ်။
ဒါ့အပြင် တိုနေးဟာ တစ်ရာသီလုံးမှာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဖြစ်လို့ သူ့ရဲ့အခွင့်အရေးဟာ အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းလူစာရင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ၅ ဦးပဲ အပြောင်းအလဲရှိခဲ့ပြီး အာနိုးလ်၊ ဘန်ဝိူက်၊ ကိုအာဒီ၊ ဝီလ်ဆင်နဲ့ ဒဏ်ရာရှိနေတဲ့ စတာလင်တို့ ပါဝင်ခြင်းမရှိပါဘူး။