လာမယ့်ကာတာကမ္ဘာ့ဖလားမှာ ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ကြဖို့ ဖီဖာရဲ့တိုက်တွန်းချက်ကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က လက်မခံကြောင်းပြောပါတယ်။
ကာတာကမ္ဘာ့ဖလားဟာ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ချိုးဖောက်မှုတွေရှိလို့ ဥရောပနိုင်ငံတွေကကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ပြိုင်ပွဲမှာလည်း သူ့နည်းသူ့ဟန်နဲ့အတူ ဆက်လက် ဆန္ဒပြကြဖို့ စီစဉ်ထားကြတာပါ။
အဲဒီအချိန်မှာ ဖီဖာဘက်က ဘောလုံးအပေါ်မှာပဲအာရုံစိုက်ကြဖို့ ပြိုင်ပွဲဝင်အသင်းတွေကို တိုက်တွန်းစာပေးပို့လာခဲ့တာပါ။
အင်္ဂလန် နည်းပြဆောက်ဂိတ်ကတော့ “ကျနော်တို့ စိတ်ထဲခံစားရတဲ့အတိုင်းအမြဲတမ်း ထုတ်ဖော်ပြဆိုလေ့ရှိတာမလို့ ဒါကသင့်တော်ပါတယ်။ ဒါကိုပြောင်းလဲဖို့မရှိပါဘူး”လို့ ဖီဖာရဲ့တိုက်တွန်းချက်အပေါ် မှတ် ချက်ပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံထားတဲ့ ကာတာနိုင်ငံကို ကန့်ကွက်တဲ့အနေနဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းက One Love စာသားပါ အသင်းခေါင်းဆောင်လက်ပတ်နဲ့ဝတ်ဆင်ကစားမှာပါ။
ဒါပေမဲ့ရုရှားကိုထောက်ခံအားပေးမှုတွေရှိနေတဲ့ အီရန်ကို ပြိုင်ပွဲကနေထုတ်ပယ် သင့်သလားဆိုတဲ့မေးခွန်းအပေါ်မှာတော့ နိုင်ငံရေးကိစ္စတွေအပေါ် ခြုံငုံသုံးသပ်နိုင်စွမ်းမရှိကြောင်း ဆောက်ဂိတ်ကပြောပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အီရန်အသင်းနဲ့ နိုဝင်ဘာ၂၁ ရက် မှာယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။