ရခိုင်ပြည်နယ်မှာ၊ စစ်ကောင်စီက ဆေးဝါးတွေကို သယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် တိုက်နယ်ဆေးရုံတွေမှာ ဆေးဝါးပြတ်တောက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သြဂုတ်လကတည်းက ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် အစိုးရက အခမဲ့ထောက်ပံ့တဲ့ဆေးရော၊ ကုမ္ပဏီက ဝယ်ယူရတဲ့ ဆေးတွေပါ ပြတ်တောက်လာပြီး အရေးပေါ်လူနာတွေကိုသာ ဦးစားပေးကုပေးလာရတဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
“ဆေးတွေက အရင်လို ကုမ္ပဏီကဆေးတွေကို ဝယ်လို့လည်း မရသလို အစိုးရကပေးတဲ့ ဆေးတွေလည်း ပုံမှန်မရတော့ဘူး။ တချို့မြို့နယ်တွေက တိုက်နယ်ဆေးရုံတွေမှာဆိုရင် ဆေးတွေ ပြတ်တောက်လာတာကြောင့် အရေးပေါ်လူနာတွေကို ဦးစားပေးပြီး ကုရတဲ့အထိ ဖြစ်လာနေတယ်။ တချို့ တခါသုံး ဆေးအသုံးအဆောင်တွေကိုတောင် ပိုးသတ်ပြီး ထပ်သုံးရတာတွေတောင် ရှိလာနေကြတယ်။ ဒီအတိုင်းသာ ဆေးဝါးတွေကို ထပ်မံပိတ်ပင်ထားရင်တော့ အခြေအနေက တော်တော်လေးကို ဆိုးရွားလာနိုင်တယ်။”
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက မြို့နယ်တချို့ကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေအကြား စားဝတ်နေရေးနဲ့ ဆေးဝါးကုသမှုတွေ တော်တော်လေး ခက်ခဲလာနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ကုန်းလမ်း ရေလမ်းတွေ ပိတ်ဆို့ထားသလို နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက အာရှအဝေးပြေး ကားလမ်းမကြီးကို ပိတ်ဆို့ထားတာကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ကားရာချီ ပိတ်ဆို့ခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ငါးသိုင်းချောင်းတိုက်နယ်ဆေးရုံကို ပြန်ဖွင့်ဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေက အာဏာဖီဆန်ပြီး ဆေးရုံကို ပိတ်ထားခဲ့တာကြောင့် ပြန်ဖွင့်ဖို့ ရေကြည်မြို့နယ်ကျန်းမာရေးမှူးနဲ့ တိုင်ပင်ပြီး ခုလိုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ဆေးရုံက ပိတ်ထားတာ ၁ လကျော်လောက်ရှိပြီ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေက CDM လုပ်တာများတယ်၊ တချို့တော့ ရှိတယ် အဲ့ဒီလူတွေနဲ့ ဖွင့်ဖို့ စီစဉ်နေတာ'' လို့ ဒေသခံတွေက ပြော ပါတယ်။
ငါးသိုင်းချောင်းဆေးရုံကို CDM မှာ မပါဝင်တဲ့ သူနာပြုဆရာမတွေနဲ့ စစ်တပ်က ဆရာဝန်အချို့နဲ့ပူပေါင်း ဖွင့်လှစ်မှာပါ။
ပုသိမ်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကိုတော့ ဆေးရုံအုပ်ကြီးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကာ ဒုဆေးရုံအုပ်နဲ့ပူးပေါင်းကာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။