အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင် ကျောင်းဆရာ ဆရာမ ၃ ယောက် မန္တလေးအိုးဘိုထောင်မှာ တိုက်ပိတ်ခံနေရတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတယ်လို့ ကော်မတီက အရေးပေါ် ထုတ်ပြန်ပါတယ်။
ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နဲ့ ဆရာဦးနိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုရန်ပိုင်စိုးအပါအဝင် လူငယ် ၆ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုးဘိုထောင်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ပေးသတ်ဖြတ်ခဲ့တဲ့နောက်ပိုင်း ထောင်တွင်းဖိနှိပ်တာတွေ ပိုပြင်းထန်လာပြီး သေဒဏ်စီရင်တာကို ဆန့်ကျင်တဲ့ အစာငတ်ခံဆန္ဒပြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နဲ့ ဆရာဦးနိုင်းသီဟကျော်တို့ အပါအဝင် ၄ ယောက်ကို အကြမ်းဖက်ရိုက်နှက်ပြီး တိုက်ပိတ်လိုက်ပြီလို့ သတင်းကြားရတာကြောင့် သူတို့ရဲ့ အသက်ဘေးကို စိုးရိမ်ရတယ်လို့ BEGSC က ထုတ်ပြန်ထားပါတယ်။
ထောင်တွင်းကနေရတဲ့ သတင်းတွေအရ နိုင်ငံရေးအကျဉ်းသားတွေကို လူမသိ သူမသိ သေဒဏ်ပေးနေတာတွေရှိတာကိုလည်း သိရပြီး ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ ဆိုပါတယ်။
BEGSC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆရာနောင်ချိုက “ထောင်တွင်း အကြမ်းဖက်မှုတွေက အခုနောက်ပိုင်း ပိုမိုပြင်းထန်လာပါတယ်။ ဒါကို ပြည်သူလူထုနဲ့ တော်လှန်ရေး အစုအဖွဲ့တွေ၊ မီဒီယာတွေက အသံကျယ်ကျယ်ထွက်ပေးနိုင်ဖို့ လိုပါတယ်။ အရေးမကြီးတဲ့ ဘာပွဲ ညာပွဲတွေဆို လူစည်နေပြီး တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို ဖုံးနေတာတွေလည်းရှိနေတော့ အခုလို အသက်နဲ့ရင်းပြီး ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေတဲ့ ရဲဘော်တွေအတွက် အပြင်က အသံကျယ်ကျယ်ထုတ်ပေးနိုင်မှ အဆင်ပြေမှာပါ” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် သေဒဏ်စီရင်တာတွေကို ဝိုင်ဝန်းဆန့်ကျင်ကြပြီး ထောင်တွင်းတိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ကြဖို့ကိုလည်း BEGSC က တိုက်တွန်းထားပါတယ်။
BEGSC ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်ကလည်း လူ့အခွင့်အရေး ကာကွယ်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကြောရေးနဲ့ အကျဥ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေအတွက် ထိထိရောက်ရောက် တုံ့ပြန်ပေးစေလိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဟာ ပြီးခဲ့တဲ့ ၈ ရက်နေ့ အိုးဘိုထောင်ဆူပူမှုနဲ့ပတ်သက်ပြီး တိုက်ပိတ်ခံထားရသလို ထောင်ဝင်စာလည်း တစ်လပိတ်ခံထားရတယ်လို့ မိသားစုထံက သိရပါတယ်။
ဦးခင်မောင်မြင့်ရဲ့ သားဖြစ်သူက "သူက အသက်လည်းကြီးပြီ နှလုံးသွေးကြောကျဉ်းရောဂါအခံနဲ့ စက်ထည့်ထားရတဲ့သူမို့ ကျန်းမာရေးကို အထူးစိုးရိမ်ပါတယ်ဗျာ။ ကျန်တာတော့ သူဟာ ခံယူချက်ပြင်းသူမို့ အစစရာရာ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။
သူဟာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းနေစဉ် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ တရားဆွဲခံထားရာကနေ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ စတင် အဖမ်းခံထားရတာ ၅ လ ကျော်ပြီ ဖြစ်ပါတယ်။
အဖမ်းမခံရခင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျောက်ဆည်ဆန္ဒပြပွဲတွေ စခဲ့တဲ့ အချိန်ကစပြီး အဖမ်းခံရတဲ့နေ့အထိ ကျောက်ဆည်မြို့ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာလည်း အဖမ်းခံရပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပါသေးတယ်။
သူဟာ ကျောက်ဆည်မြို့ အမေ့အိမ်ပညာဒါနကျောင်းကို ဦးစီးတည်ထောင်ပြီး တာဝန်ခံအဖြစ်ရော ဆရာအဖြစ်ပါ ငါးနှစ်တိတိ ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။