close

တိုက်ပြိုကျ

close

October 14, 2021

တောင်ကြီးတွင် ပြုပြင်လက်စတိုက်ပြိုကျ အလုပ်သမား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြုပြင်မွမ်းမံဆဲ တိုက်အိမ်ပြို ကျတာကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက် ဇောတိကလမ်းထဲက အိမ်တစ်အိမ်မှာ မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကူညီကယ်ဆယ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဒီဗွီဘီကို ပြောပါတယ်။ 

“ဖြစ်သွားတာကတော့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာပါ။ ကျနော်တို့ဆီကို အကြောင်းကြားချက်ကတော့ ၁၂ နာရီ ၄၅ မှရောက်တယ်။ ကျနော်တို့တပ်ဖွဲ့ဝင် နဲ့ မီးသတ်ဌာန၊ အထွေထွေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ သွားကူကြပါတယ်။ ပထမတစ်ယေက်ကို အဲဒီက အလုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့တယ်။ အသက်က ၂၀ ကျော် ၃၀ ဝန်းကျင်ရှိမယ်၊ သူကခါးလောက်ထိသွားတယ်၊ အခု ဆေးရုံမှာ ခွဲစိပ်ခန်းဝင်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ အလောင်းအနေနဲ့ပဲပြန်ရတယ်၊ အသက် ၂၀ ကျော်လူငယ်လေးပါ၊ စလစ်ပြားပိပြီးဆုံးသွားတာ။”   

သေဆုံးသူနဲ့ ဒဏ်ရာရသူ ၂ ဦးလုံးမှာ ဆောက်လုပ်ရေးအလုပ်သမားတွေဖြစ်ပြီး အခင်းဖြစ်ချိန်က အလုပ်သမား ၁၀ ကျော် အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ 

အဆိုပါအဆောက်အအုံမှာ ပြုပြင်မွမ်းမံဆဲတစ်ထပ်တိုက်ဖြစ်ပြီး ခေါင်မိုးပြိုကျတာ ဖြစ်ကြောင်း၊ မတော်တဆထိခိုက်မှုလား၊ ပေါ့ဆမှုကြောင့်လားဆိုတာကို သက်ဆိုင်ရာက အိမ်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးနေဆဲပဲလို့ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတို့ကို ကြက်ခြေနီအသင်း သူနာတင်ယာဉ်နဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

9 mins Ago

June 11, 2020

ရန်ကုန် ကုန်ဈေးတန်းလမ်း အလယ်ဘလောက်တွင် တိုက်ပြိုကျ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းလမ်း(အလယ်ဘလောက်)မှာ ဒီကနေ့ ဇွန်လ ၁၁ ရက် မွန်းလွဲ ၃ နာရီလောက်က တိုက်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။ တိုက်ပြိုကျတဲ့နေရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဉ် တစ စီးသွားရောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။  ပန်းပဲတန်းမြို့နယ်မှာ   ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကလည်း   မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနဲ့ လမ်း ၃၀ ကြားက ၃ ခန်းတွဲ  ၂ ထပ်တိုက် တစ်လုံးရဲ့ နောက်ဘက်ခြမ်းပြိုကျခဲ့ပါတယ်။   ဇွန်လ ၁ ရက် ညနေကလည်း အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်းက နှစ် ၈၀ လောက် သက်တမ်းရှိတဲ့ ၂ ထပ်တိုက်တလုံး ပြိုကျခဲ့ သလို စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာလည်း မေ ၃၀ ရက် ညပိုင်းက ၄ ထပ်တိုက်တလုံးရဲ့ မျက်နှာစာပြိုကျခဲ့ပါသေးတယ်။ ဒါ့အပြင် မေ ၂၁ ရက် မနက် အစောပိုင်းကလည်း တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဦးလွန်းလမ်းမှာ ၄ ထပ်တိုက်တလုံးပြိုကျခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတယ်။
1 year Ago
Up