စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းနဲ့ National Revonary Guards - NRG (Salingyi) တပ်ဖွဲ့ အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
မေ ၈ ရက် မနက်အစောပိုင်းက စတင်ကာ မြိုင်မြို့ပေါ်က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းက ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းစတင်ထိုးလာခဲ့တာဖြစ်ပြီး ညနေ ၃ နာရီခွဲလောက် ဆားလင်းကြီးနယ် အိုမထန်းတော ဇက်(လှေဆိပ်)အရောက်မှာ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ National Revonary Guards-NRG (Salingyi) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“ပထမ ကျနော်တို့မဟာမိတ်တွေဘက်ကနေ မိုင်းအရင်ဆွဲတာ၊ ၃ ယောက် လေပေါ်ကို မြောက်တက်ပြီးတော့ကို သေတာဗျ။ အဲ့ဒါကြောင့် ဒေါသထွက်သွားတာလားမသိဘူး၊ ပြည်သူပိုင် စျေးဆိုင်တန်းတွေကို မီးရှို့တယ်။ အဲ့စျေးဆိုင်တွေမှာ အရင်က လူရှိတယ်။ ဒီကောင်တွေ စစ်ကြောင်းကို ကြောက်လို့ ရတာဆွဲပြေးရတော့တာပဲဗျာ။ ပြီးတော့ ဇက်ဆိပ်ကနေ မုံရွာဘက်ကမ်းကို ကူးဖို့ ဇက်တွေပေါ် ဒီကောင်တွေ တက်တဲ့အချိန် ကျနော်တို့ အရဲစွန့်ပြီး ဝင်တိုက်တာ ပွဲစတော့တာပါပဲ။ ဒီကောင်တွေ သေတာနဲ့ ဒဏ်ရာရတာကတော့ သေချာတဲ့ ဖရဲသီးသတင်းပါခင်ဗျ။ ကျနော်တို့ ပွဲတွေဆက်နေလို့ ကျည်ဖိုးတွေလည်း လိုအပ်နေပါတယ်ဗျ။”
အဆိုပါ ဇက်(လှေ)ပေါ်တက်နေဆဲ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ မီတာ ၁၀၀ ခန့်ကနေ ပစ်ခတ်ခဲ့ရာမှ မိနစ် ၄၀ လောက်အထိ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။
ဆားလင်းကြီးမြို့ခံ ဘုန်းကြီးတပါးက “မနေ့ နေ့လယ်ကတည်းက မိုင်းကွဲသံတွေ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ကြားနေရတာ။ အဲ့နေရာတွေက စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ နေရာတွေချည်းပါပဲ။ မနှစ်ကလည်း ဒီလိုအချိန်ပဲ ဦးဇင်းတို့နယ်ထဲက ဖိုလ်ဝင်တောင်အရှေ့ဘက်က လူငယ်လေးနှစ်ဦးကို ဖမ်းသွားပြီး တောင်အနောက်ဘက်ခြမ်းက မင်စုရွာဘက်မှ သတ်ပြီးထားပစ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေကို National Revolutionary Guards-NRG (Salingyi)၊ Chindwin Dynamite၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတဦး ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ သောင်းဂဏန်းလောက် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက ထန်တောရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် ညနေ ၃ နာရီကျော်မှာ မီးရှို့တာကြောင့် လူနေအိမ် ၁၅ လုံးကျော်နဲ့ ဆိုင်ကယ်အစီး ၂၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ထန်တောရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်သားတွေဟာ အင်အား ၂၀၀ ကျော်နဲ့ စလင်းမြို့ကနေ ဆားခါးရွာ၊ ရေခါးရွာ၊ ဖောင်းကတာရွာကိုဖြတ်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ညအိပ်ကာ မေ ၈ ရက် မနက်မှာ ထန်တောရွာကို ဝင်ရောက်ယာယီတပ်စွဲကာ ချက်ပြုတ်စားသောက်ပြီး အခုလို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ထန်တောရွာသားတဦးက “အစပိုင်းကတော့ ရွာထဲမှာ ချက်ပြုတ်စားသောက်ပြီး မုံးရွာဘက်ပြန်ဖို့ရာ ဇက်ဆိပ်ကမ်းကို သွားတဲ့အချိန် မိုင်းပေါက်ကွဲအသံနှစ်ခု ကြားလိုက်တယ်။ ဘယ်ဘက်က ဖောက်ခွဲတယ် ဆိုတာတော့ အတိအကျမသိဘူး။ ကွဲတာက ညောင်ပင်ကြီးသစ်ကွင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေး ဇက်ဆိပ်အနီးအနားက ပေါက်ကွဲတာ။ အဲ့ပေါက်ကွဲသံကြားရပြီး သစ်ကွင်းဘေးအနီးက အိမ်တွေကို မီးရှို့တော့တာပဲ။ နောက်ပြီး ကျနော်တို့ဘက်က အလုပ်သမားတွေက မုံရွာဘက် အလုပ်သွားလုပ်တဲ့အခါ ဆိုင်ကယ်တွေကို မုံရွာဘက်ခြမ်းမယူဘဲ ဇက်ဆိပ်အနီးအနားမှာ အပ်ပြီး ထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်။ အစီးအရေအတွက်က အတော်များမယ်။ ခန့်မှန်းခြေဆိုရင် ၂၀၀ အထက်မှာရှိမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်မီးရှို့တဲ့ ထန်တောရွာဟာ မုံရွာမြို့ရဲ့တဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်သလို ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်တော သုံးရွာစပ်တန်းရွာရှိတဲ့ ကျေးရွာတွေလည်းဖြစ်တယ်လို့ သိရပါတယ်။
မေ ၃ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက် တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီစခန်းကို PDF တို့က တာဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကိုင်းမြို့နယ်မှာလည်း စစ်ကောင်စီရဲနဲ့ ပျူစခန်းကို PDF တပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသလို နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီ ရဲကင်းဂိတ်ကို PDF တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ကြပြီး ပြည်ကြီးတံခွန်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။