close

တိုက်ပွဲရက်ဆက်ဖြစ်ပွားနေ

close

September 22, 2021

ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်က  စစ်ကောင်စီတပ်တွေနဲ့  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်  KNDF တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနီး မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေပိုင်းမှာတော့ ဒီးမော့ဆိုမြို့ရဲစခန်းကို KNDF က မိနစ် ၂၀ ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။

“ညကတော့ ရဲစခန်းမှာဖြစ်တယ်။ အဓိကကတော့ ရဲစခန်းကို ဝင်တိုက်တဲ့သဘောဖြစ်တယ်။ ဒါကတော့ ပုံမှန်တိုက်နေကျဟာပဲကိုးနော်။ ထုံးစံအတိုင်း ကျနော်တို့ မိနစ် ၂၀ လောက်ဝင်တိုက်တယ်။ သူတို့ကတော့ လက်နက်ကြီးတွေနဲ့ ယမ်းသန်းပြီးတော့ တနာရီ၊ နှစ်နာရီကြာအောင်ပစ်တယ်လေ။ အဲဒီအခြေအနေပေါ့။”

အဆိုပါ တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက် ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း ပြောပါတယ်။

စက်တင်ဘာ  ၂၀ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့လို KNDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ၄ ဦး ပျောက်ဆုံးခဲ့ပါတယ်။ မနေ့ကတော့ ပျောက်ဆုံးသွားတဲ့ တပ်ဖွဲ့ဝင် ၄ ယောက်ထဲက တယောက်ကျသွားကြောင်း သိရပြီးကျန် သုံးဦးနဲ့ အဆက်အသွယ် ပြန်ရရှိကြောင်းလည်း ပြောပါတယ်။

“ လေးယောက်ပျောက်တာ တယောက်ကျသွားတယ်လေ။ ကျန်သုံးယောက်တော့ ပြန်တွေ့ပါပြီ။ ”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  အရပ်ဝတ်တွေနဲ့  ကျေးရွာတွေရှိ  နေအိမ်တွေအတွင်း ပုန်းခိုနေကာ တိုက်ခိုက်မှုတွေပြုလုပ်နေပြီး  ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖောက်ထွင်း ဖျက်ဆီးနေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ အခု နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး  KNDF နဲ့ KA တပ်ဖွဲ့ဝင်တွေ ကျဆုံးနေသလိုပဲ ဒေသခံပြည်သူတွေ ဖမ်းဆီးခံနေကြရပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေလည်း လက်နက်ကြီး ကျည်ထိမှန်ပျက်စီးမှုတွေ ရှိနေပါတယ်။

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာအတော်များများ တကျော့ပြန် တောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေကြရသလို လက်ရှိ ကယားပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ရှောင်ဒေသခံ တသိန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပါတယ်။

8 mins Ago
Up