ကချင်ပြည်နယ်၊ နန်းမားမြို့နယ်မှာ မေ ၁၂ မနက်ပိုင်းက စတင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်ထိမှန်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၁ ရက်က နန်းမားမြို့နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားရာမှာ ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားလာတာပါ။
ဒေသခံ တဦးက "မနက် ၇ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တပ်နဲ့ KIA /PDF နှစ်ဘက်စလုံး ပစ်နေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျည်ကျတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေတယ်။ နောက်ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ် " လို့ ဆိုပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တိုက်ပွဲကြားမှာ အရပ်သား အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နန်းမားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာရှိသလို မိုးညှင်းမြို့ပေါ်ကို စစ်ဘေး တိမ်းရှောင် နေသူတွေလည်းရှိပါတယ်။
နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်တပ်က နန်းမားမြို့အတွင်း သွားလာခွင့် ပိတ်ထားကာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
ကေအန်ယူနယ်မြေအတွင်း ၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တို့ကြား တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေထဲ စစ်ကောင်စီတပ်ရင်းမှူး ၄ ယောက်၊ ဒုတပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကေအန်ယူနယ်မြေထဲမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုး အကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။