နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၀/၄ ဖာလုံအနီးမှာ မေ ၉ ရက် ဒီနေ့မနက်ပိုင်းက ခရီးသည်တင် Express ကားနဲ့ လိုက်ထရပ်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ရွှေမန္တလာခရီးသည်တင်ကားကို အမြန်လမ်းမှာ လူ ၁၅ ဦးပါ လိုက်ထရပ်ကားက မနက် ၆ နာရီလောက်မှာ အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက “Express ကို လိုက်ထရပ်က အနောက်ကနေ ဝင်တိုက်တာ၊ ဘယ်ဘက်နောက်ခြမ်းလေးပါပဲ။ ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရပါတယ်။ သေသွားတာက ဒရိုင်ဘာလို့ ကြားပါတယ်။ လိုက်ထရပ်က နေပြည်တော်က ကားပါပဲ။ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လာချိန် ဖြစ်သွားတာ။ ကားပေါ် ယောကျ်ားလေးတွေပါပဲ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်း အမျိုးသား ၁ ဦး သေဆုံးသွားပြီး အနောက်ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသား ၁၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ကျန် ၁၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေမန္တလာကားပေါ်ပါ လူ ၃၈ ဦးစလုံး ထိခိုက်မှုမရှိဘူးလို့ သိရပြီး လိုက်ထရပ်ယာဉ်ရဲ့ ညာဘက်ခေါင်းခြမ်းနဲ့ ရွှေမန္တလာကား ဘယ်ဘက်အနောက်ဘက်ခြမ်း ပျက်စီးသွားပါတယ်။
ယာဉ်တိုက်မှုနေရာကို ပလွေးနယ်မြေမီးသတ်တပ်ဖွဲ့၊ အရေးပေါ် ၁၉၂ ယာဉ်နဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ခရေပင်လမ်းမ၊ အစာစက်မှတ်တိုင်အနီးမှာ မေ ၅ ရက် နေ့လယ်ပိုင်းက ကုန်တင်ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး လူ ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်လောက်က တညင်းကုန်းဘက်ကနေလာတဲ့ ကုန်တင် ၂၂ ဘီးကားနဲ့ မင်္ဂလာဒုံခရေပင်လမ်းခွဲကနေ မောင်းလာတဲ့ ၁၂ ဘီးကားတို့ အစာစက်ကွေ့မှာ အရှိန်လွန် တိုက်မိ ကြတာပါ။
အင်းစိန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက " ၂၂ ဘီးနဲ့ ၁၂ ဘီး ဝင်တိုက်မိကြတာ၊ ကားနှစ်စီစလုံး ခေါင်းကြေမွ အမိုးတွေ လန်သွားတယ်။ ကားသမားတစ်ယောက်ကို အနီရောင် အဆင့်နဲ့ ဆေးရုံပို့နေတုန်း အရောင်ပြောင်းသွားတယ်။ လူနာက ၄ ယောက် ထွက်ပါတယ်"လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ကုန်တင် ၂၂ ဘီးကား ယာဉ်မောင်း အမျိုးသားမှာ ကားထဲ ညှပ်နေပြီး လူ ၄ ဦးပါ ၁၂ ဘီးကားက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကားထဲညှပ်နေတဲ့ ၂၂ ဘီး ယာဉ်မောင်းအမျိုးသားကို မင်္ဂလာဒုံနဲ့ အင်းစိန်မီးသတ်ဌာန၊ ကယ်ဆယ်ရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့ကြပြီး စိုးရိမ်ရလူနာအဖြစ် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်နေချိန် လမ်းမှာ သေဆုံးသွားပါတယ်။
အဲဒီညပိုင်း ၈ နာရီ ၁၀ မိနစ်ခန့်မှာပဲ မင်္ဂလာဒုံမြို့နယ် ရန်ကုန်- ပြည်လမ်း၊ ရွှေညောင်ပင်အနားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးကို မင်္ဂလာဒုံနဲ့ ပုလဲအရန် မီးသတ်တပ်ဖွဲ့တို့က ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။