close

တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

close

March 26, 2022

မြဝတီမြို့နယ်ရှိ ကရင်ရွာထဲသို့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၅၀ ကျော်လောက်မှာရှိတဲ့  ကရင်ရွာလေးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ မတ်လ ၂၆ ရက် မနက် အစောပိုင်း ၁ နာရီလောက်က လာရောက်ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်တချို့ ပျက်စီးသွားပါတယ်။

ညသန်းခေါင်အချိန်လောက်မှာ တိုက်လေယာဉ် နှစ်စီး ရောက်လာပြီး အို့ကရစ်ခီးရွာကို ဗုံးသီးကြီး ၂ လုံးကြဲချရာမှာ တစ်လုံးက မပေါက်ကွဲဘဲရှိနေပြီး နောက်ထပ်တစ်လုံးကတော့ ပေါက်ကွဲသွားလို့ ရွာသားတွေရဲ့ နေအိမ်ဘေးကို ဗုံးဆန်တွေထိမှန်သွားပါတယ်။ 

အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး KNLA တာဝန်ရှိသူက “ဗုံးပေါက်ကွဲတဲ့အတွက် မြေကြီးက ရေကန်လိုဖြစ်သွားတယ်။ နောက် နှစ်လုံးကတော့ တဝေါ်သောရွာ(ရွာသစ်) မှာ နှစ်လုံး စလုံးပေါက်ကွဲသွားပါတယ်။ စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ညသန်းခေါင်ယံ လာရောက်ဗုံးကြဲတာဟာ မသင့်တော်ဘူးလို့ ခံစားရတယ်။ ပြည်သူကို လေယာဉ်နဲ့လာပစ်တာကတော့  မကောင်းဘူး”လို့ ပြောပါတယ်။

မတ်လ ၂၁ ရက် မော်ခီးစခန်းသိမ်းတိုက်ပွဲနောက်ပိုင်း မြဝတီမြို့တောင်ဘက်မှာရှီနေတဲ့ လက်နက်ကိုင်တွေကို နေပြည်တော်စစ်ကောင်စီညွှန်ကြားချက်နဲ့ အပြတ်ရှင်းလင်းဖို့ မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ရှင်းလင်းရေးလုပ်နေတာဖြစ်ပါတယ်။

မတ်လ ၂၅ ရက်ကလည်း လေးကေ့ကော်ဒေသ ဖလူးလေးရွာ အရှေ့ဘက် တမိုင်လောက်မှာ  KNLA နဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

7 mins Ago

January 12, 2022

လွိုင်ကော်မြို့ကို စစ်ကောင်စီတိုက်လေယာဉ် ၂ စင်းဖြင့် ၉ ကြိမ်တိုက်ခိုက်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၁၁ ရက် မနေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး   စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စင်းနဲ့ ၉ ကြိမ်တိုက်ခိုက်ခဲ့ကာ မြေပြင်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ KNDF ထံက သိရပါတယ်။

လွိုင်ကော်မြို့၊ ရွာတန်းရှည်နဲ့ မိုင်းလုံးရပ်ကွက်တွေမှာ မနက်ပိုင်း ၈ နာရီလောက်က စတင်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် ညနေ ၅ နာရီ ၄၅  မိနစ်လောက်မှာ လွိုင်ကော်မြို့တွင်းကို  တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ  လက်နက်ငယ် ၃ လက်၊ လက်နက်ကြီး ၁ လက်အပြင် လက်နက်ကြီး/ငယ်ကျည်တွေ သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ မိုင်းလုံးရပ်ကွက်ထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်အတွင်း အများပြည်သူကို နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်တွေက တိုက်ခိုက်ချေမှုန်းနေကြပြီး စစ်ကောင်စီတပ်တွေဟာ မြို့တွင်းတိုက်ပွဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေရဲ့ တဝက်လောက် စစ်ဘေးရှောင်နေကြရသလို လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိ သွားရောက်စစ်ရှောင်နေကြရပါတယ်။

ဒါကြောင့်မို့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအဆောင်ပစ္စည်း၊ ငွေသားအပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားသလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအတွက် နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေကြပါတယ်။

2 months Ago
Up