တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တစ်နှစ်လောက်ရွေ့ဆိုင်းခဲ့ရပြီးနောက်မှာ ဇူလိုင် ၂၃ ရက်နေ့ညက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက် တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
ဂျပန်ဘုရင် နာရူဟီတိုက ပြိုင်ပွဲကို ဖွင့်လှစ်ကြောင်းကြေညာပေးခဲ့ပြီး အိုလံပစ်မီးရှူးတိုင်ကိုတော့ နာမည်ကြီး တင်းနစ်မယ် နာအိုမိအိုဆာကာ ထွန်းညှိပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပရိတ်သတ် ၆၈,၀၀၀ လောက်ဆန့်တဲ့ ကွင်းကြီးမှာ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်းနဲ့ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့အပါအဝင် အထူးဖိတ်ကြားထားတဲ့ ဧည့်သည် ၉၅၀ လောက်သာတက်ရောက်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀၀ လောက်က အားကစားသမားပေါင်း ၁၁,၀၀၀ ကျော်ဟာ အားကစားနည်း ၃၃ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မနေ့ညက ဖွင့်ပွဲမှာတော့ နိုင်ငံအလိုက် အားကစားအဖွဲ့တွေဟာ Mask တွေတပ်ဆင်ကာ တဦးနဲ့ တဦးခပ်ခွာခွာတက်ရောက်ခဲ့ပြီး မြန်မာအားကစားအဖွဲ့ကတော့ အလံကိုင်သူ ကိုရဲထွန်းနောင် တစ်ဦးတည်းသာ ကွင်းအတွင်း ဝင်ရောက်လာတာတွေ့ရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၈ ရက်အထိကျင်းပမယ့် ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမား ၃ ဦးဖြစ်တဲ့ ကြက်တောင်အားကစားသမားမယ် မသက်ထားသူဇာ၊ သေနတ်ပစ်အားကစားသမား ကိုရဲထွန်းနောင်နဲ့ ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေတို့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
တိုကျို အိုလံပစ်ပြိုင်ပွဲကို မူလက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်ကနေ ဩဂုတ် ၉ ရက်အထိ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
အားကစားသမား ၁၁ ဦးအပါအဝင် ပြိုင်ပွဲမှာပါဝင်သူ အယောက် ၁၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။