close

တိုင်ဖွန်းမုန်တိုင်

close

July 25, 2021

တိုင်ဖွန်းမုန်တိုင်း မဝင်မီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တရုတ်အစိုးရ ဖျက်သိမ်း

တရုတ်အစိုးရဟာ တိုင်ဖွန်းမုန်တိုင်း အင်ဖှာက တရုတ်ပြည်မကြီး ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ဇူလိုင် ၂၅ ရက်မှာ ရထားလမ်းတွေနဲ့ သင်္ဘောဆိပ်တွေကို ပိတ်ချခဲ့ပြီး လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်း လိုက်ပါတယ်။

 ရွာသားတွေကိုလည်း ယာယီ ခိုလှုံရေးစခန်းတွေဆီ ဘေးကင်းအောင် ရွှေ့ပြောင်းခဲ့ပါတယ်။ မုန်တိုင်းဟာ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက ကျဲ့ကျန်းပြည်နယ်နဲ့ ရှန်ဟိုင်းမြို့နားကနေ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

 နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာတော့ ဒီသီတင်းပတ် အစောပိုင်းက ရေဘေးကနေ ပြန်နာလန်ထဖို့ ကြိုးစား ရုန်းကန်နေဆဲပါ။

 ရှန်ဟိုင်းလေဆိပ်အာဏာပိုင်အဖွဲ့က ပူဒေါင်နဲ့ ဟုံချောင် နိုင်ငံတကာ လေဆိပ်တွေက လေကြောင်းခရီးစဉ်တွေ အားလုံးကို တနင်္ဂနွေနေ့အတွက် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

 မုန်တိုင်းအတွက် တရုတ်အာဏာပိုင်တွေက သတိပေးချက် တတိယ အမြင့်ဆုံးအဆင့် ထုတ်ပြန် ကြေညာထားပါတယ်။

 ဒေသတွင်း ရထားစီးရေ  ၁၀၀ ကျော်ကိုလည်း ခရီးစဉ် ဖျက်သိမ်းထားတယ်လို့ တရုတ် မီးရထားဌာနက ပြောပါတယ်။

50 seconds Ago

December 2, 2019

ဖိလစ်ပိုင်ကို ဝင်နေသည့် တိုင်ဖွန်းမုန်တိုင်းပိုမိုအားကောင်းလာ၊ ဆီးဂိမ်းစ်ပြိုင်ပွဲအချို့ထိခိုက်နိုင်

ဒီဇင်ဘာလအတွင်း ရှားရှားပါးပါးဖြစ်ပေါ်လာတဲ့ ကမ်မူရီတိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ လေဂက်စ်ပီမြို့ကတဆင့် ကုန်းတွင်းဝင်ရောက်ခါနီး နာရီပိုင်းအလို ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှာ အဆင့် ၂ တိုင်ဖွန်းမုန်တိုင်းအဆင့်မှ ပိုအားကောင်းပြင်းထန်တဲ့ အဆင့်လေး တိုင်ဖွန်းမုန်တိုင်း အဆင့်ကို ရောက်ရှိသွားပါပြီ။ မုန်တိုင်းပြင်းအားဟာ အချိန် ၁၂နာရီအတွင်းမှာ နှစ်ဆနီးပါးအထိ အမြန်ထိုးတက်သွား ခဲ့တာပါ။ ဖိလစ်ပိုင်အရှေ့ပိုင်းကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၂ ရက်ညပိုင်းမှာ တနာရီ လေတိုက်နှုန်း မိုင် ၁၂၀ နဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ အစောပိုင်းက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ခုနှုန်းနဲ့ မုန်တိုင်းပြင်းထန်နှုန်း ဆက်တိုးနေမယ်ဆိုရင် တနာရီ ၁၃၅ မိုင်ထိ လေ တိုက်နှုန်းနဲ့ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ချေရှိနေလို့ စိုးရိမ်နေကြ ပါတယ်။ မုန်တိုင်းမျက်စိရဲ့အချင်းက မိုင် ၈၀ ကနေ ၁၀၀ကြားရှိနေပြီး မုန်တိုင်းလမ်းကြောင်းက အနောက်ဘက်ကို ၁ နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ ဆက်ရွေ့လျားနေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသ၊ ဘူမိရူပနဲ့ နက္ခတ္တဗေဒဌာန (PAGASA) က ဒီဇင်ဘာ ၂ ရက်မှာ အစီရင်ခံပါတယ်။ မုန်တိုင်းလမ်းကြောင်းက မြို့တော်မနီလာကို ဦးတည်နေတာကတော့ မပြောင်းလဲ သေးပါဘူး။ ဖိလစ်ပိုင်ဒေသခံတွေက တီစွိုင်လို့ခေါ်တဲ့ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ကျွန်းစုအတွင်း အကြီးဆုံး နဲ့ လူအထူဆုံးကျွန်းဖြစ်တဲ့ လူဇုံကျွန်းရှိတဲ့ အယ်လ်ဘေးပြည်နယ်ကနေ ကုန်းတွင်း ဝင်ရောက်မှာ ဖြစ်လို့ အာဏာပိုင်တွေက မုန်တိုင်းလမ်းကြောင်းပေါ်က လူအယောက် တသိန်းလောက်ကို ဘေးကင်းရာ ရွှေ့နေတယ်လို့ ဖိလစ်ပိုင်အစိုးရ ရုပ်သံက ပြောပါတယ်။ ပြောင်းဖို့ ခေါင်းမာငြင်းဆန်နေသူတွေကို အနီးဆုံး ကယ်ဆယ်ရေးစခန်းတွေဆီ အင်အားသုံး ခေါ်ဖို့ ညွှန်ကြားထားတယ်လို့ အယ်လ်ဘေးပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။      မုန်တိုင်းကြောင့် မနီလာမှာ ကျောင်းတွေ အားလုံးပိတ်ထားရပြီး ဖိလစ်ပိုင် အခြေ စိုက်စီဘူးပစိဖိတ်လေကြောင်းလိုင်းကလည်း လေကြောင်းခရီးစဉ်တချို့ကို ဖျက်သိမ်းထားခဲ့သလို          ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်ကလည်း ပင်လယ်တွင်း လှုပ်ရှားမှု အားလုံးကို ရပ်လိုက်ပါပြီ။  ကပ်ဘေး တုံ့ပြန်ရေးအဖွဲ့ကလည်း အဆင်သင့်ပြင်ထားပါပြီ။ဒါ့အပြင် ဖိလစ်ပိုင်မှာ လက်ခံ ကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်းစ်ကိုလည်း မုန်တိုင်းက သက်ရောက်နိုင်ခြေရှိနေတာပါ။  ဒီပွဲတော်မှာ နိုင်ငံပေါင်း ၁၁နိုင်ငံက အားကစားသမား အယောက် ၈၀၀၀ကျော်နဲ့လုပ်အား ပေးပေါင်း အယောက် ၁၂၀၀၀ကျော် ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။ ပင်လယ်ထဲရွက်လှေစီးအားကစားပြိုင်ပွဲတွေ ဖျက်သိမ်းထားရပြီး ပွဲစဉ်နောက်ပိုင်း ရာသီဥတု ကြည်လင်တဲ့ရက်မှာ အစားထိုးကျင်းပမယ်လို့ ဆီးဂိမ်းစ်ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။  အားကစားနည်း ၃ မျိုးပေါင်း ပြိုင်ပွဲကိုတော့ နဂိုစီစဉ်ထားတဲ့ အချိန်ထက်စောပြီး ကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အရေးပေါ်အစီအစဉ်တွေ ထည့်ရေးဆွဲထားပြီး အားကစားရုံအတွင်း ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ဆီးဂိမ်းဟာ အကြိမ် ၃၀ မြောက် ကျင်းပတာဖြစ်ပြီး ကျင်းပခဲ့သမျှ အကြီးဆုံး အားကစားပွဲလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် ဆီးဂိမ်းစ် ပိတ်ပွဲကို ကမ္ဘာတဝန်းက ရုပ်သံကြည့်ပရိသတ် သန်း ၅၀၀ က ရုပ်မြင်သံကြားကနေ ကြည့်ရှုမယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။  
2 years Ago
Up