ထိုင်းသရုပ်ဆောင် ရုပ်ရှင်မင်းသမီး တိုင်မိုနိဒါးဟာ လှေမောင်းသူ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးရတာလို့ နွန်ထပူရီရဲတပ်ဖွဲ့က ပြောပါတယ်။
တိုင်မိုနိဒါး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က လူ ၇၇ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး စီစီတီဗွီကင်မရာ ၆၀ လုံးနဲ့ ဗွီဒီယိုဖိုင် ၂၀ ဖိုင်ကိုပါ စစ်ဆေးခဲ့ပြီး အားရမှုရှိကြောင်း၊ လှေပေါ်ပါ အဖော်တွေရဲ့ ထွက်ဆိုချက်တွေအရ အမှုကို ပုံဖော်လို့ရပြီလို့ နွန်ထပူရီခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဥဒွန်းယွမ်းကျရွန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
စပိဘုတ်လှေမောင်းသူ ရောဘတ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ လှေမမောင်းတတ်ဘဲ စမ်းသပ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း၊ လှေမောင်းတာလည်း သတ်မှတ်နှုန်းထက် အရှိန်ပိုမြင့်နေတာ စစ်ဆေးတွေ့ရှိကြောင်း၊ လှေဦးခုန်တက်သွားတဲ့အခိုက် လှေအမြီးပိုင်းမှာ အပေါ့သွားနေတဲ့ မင်းသမီး တိုင်မိုဟာ ရုတ်တရက် ရေထဲပြုတ်ကျသွားတာလို့ ဆိုပါတယ်။
အဲဒီမတိုင်ခင်က တိုင်မိုဟာ လှေရဲ့ဝမ်းပိုင်းမှာ ထိုင်ရင်းက အပေါ့သွားချင်တယ်လို့ပြောပြီး အမြီးပိုင်းကို လျှောက်သွားကြောင်း၊ လှေအမြီးပိုင်းမှာ ဆဲမ်း ဆိုသူ အမျိုးသားက လဲလျောင်းရင်း ဖုန်းကစားနေပြီး တိုင်မိုက သူ့ခြေနှစ်ဖက်ကို အားပြု ကိုင်ခွင့်တောင်းခဲ့ကြောင်း၊ ကိစ္စပြီးလို့ ထလိုက်စဉ် လှေကခုန်တဲ့အချိန်နဲ့ ကိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာလို့ ဆိုပါတယ်။
သူ့ရဲ့ပေါင်ပေါ်က ဒဏ်ရာကတော့ ရေထဲမကျခင်ရတာလား၊ ရေထဲကျပြီးမှ ရတာလားဆိုတာကို မှုခင်းဆေးသိပ္ပံနည်းနဲ့ စစ်ဆေးနေကြောင်း၊ သူ့အလောင်းကို ကျူလာလောင်ကွန်း ဆေးတက္ကသိုလ်နဲ့ ရာမဓိပတိဆေးရုံက ဓာတ်ခွဲစစ်ဆေးနေပြီး နောက်အပတ်ထဲမှာ အမှုတွဲအားလုံး ခြုံငုံနိုင်လိမ့်မယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
လှေပေါ်က အဖော်တွေဟာ အရက်သောက်ထားတာ ရှိခဲ့ကြောင်း၊ ဖန်ခွက်ကို ရေထဲပစ်ချလိုက်တာကတော့ အပြစ်ရှိမှာ စိုးရိမ်လို့ လုပ်ရတာလို့ ပြောပါတယ်။
လူမှုကွန်ရက်တွေမှာ ပြောဆိုနေကြသလို တိုင်မိုဟာ အထူးပုဂ္ဂိုလ်အတွက် ဖျော်ဖြေပေးဖို့ အလုပ်ကိစ္စ လက်ခံတယ် ဆိုတာတော့ ဘာမှအထောက်အထားမရှိကြောင်း၊ လှေပေါ်ပါသူတွေ အားလုံး မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိ၊ လူသတ်မှုမြောက်တဲ့ သက်သေမရှိကြောင်း၊ ဒါကြောင့် တပါးသူ သေကံရောက်သည်အထိ ပေါ့ဆစွာ လှေခုတ်မောင်းမှုပဲ မြောက်တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က လှေပိုင်ရှင် ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ကို ရဲတပ်ဖွဲ့က လိုင်စင်သက်တမ်းကုန် လှေကို အသုံးပြုမှု၊ လှေမောင်းလိုင်စင်မရှိဘဲ (ခွင့်ပြုချက်မရဘဲ လှေမောင်းမှု) တို့နဲ့ ကနဦး စွဲချက်တင်ထားပါတယ်။
သတင်းဌာနတွေကလည်း အမှုမှန်ပေါက်ပေါက်ရေးအတွက် မြစ်ထဲသွားပြီး လှေအမြီးပိုင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး အပေါ့သွားလို့ ရ မရ၊ ပြုတ်ကျပြီးရင် ပန်ကာဒလက်က လူကို ထိနိုင်ခြေရှိ၊ မရှိ စမ်းသပ်ခဲ့ကြပြီး လှေကျွမ်းကျင်သူတွေကိုပါ မေးမြန်းကြည့်ရာမှာ ရဲပြောသလို မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
တိုင်မိုဟာ အသားကပ်ဘောင်းဘီနဲ့ ဂါဝန်ရှည်ပါ ဝတ်ဆင်ထားတာကြောင့် လှေအမြီးပိုင်းမှာ ဘယ်လိုမှ အပေါ့သွားလို့ မရနိုင်ကြောင်း၊ သူမဟာ နိုင်ငံကျော်မင်းသမီးဖြစ်ပြီး အဲသလိုကြုံရာမှာ အပေါ့သွားလေ့ မရှိကြောင်း ရင်းနှီးသူတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။
သင်္ဘောကျင်းမှာ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ပြီး တိုင်မိုကို ရေထဲလိုက်ရှာရာမှာ ပါဝင်ခဲ့သူ တဦးကလည်း သူ့တသက် လှေအမြီးပိုင်းကနေ အပေါ့သွားတယ်ဆိုတာ တခါမှ မကြားဘူးကြောင်း၊ ဖြစ်လည်းမဖြစ်နိုင်၊ ကျောက်ဖရားမြစ်က အနက်ကြီးမဟုတ်လို့ ရေနစ်သေမှု မရှိသလောက်ပဲ၊ လှေပေါ်ကလူတွေ ထွက်ဆိုချက်ကို မယုံကြည်ဘူးလို့ ပြောပါတယ်။
ပြည်သူ့ဟစ်တိုင် ရှေ့နေတဦးဖြစ်သူ “သမ့်” ကလည်း တိုင်မိုသေဆုံးရတဲ့အပေါ် မသင်္ကာစရာတွေ အများကြီး တွေ့ရှိကြောင်း၊ တိုင်မိုဟာ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီးတယောက် ဖြစ်တာကြောင့် အမှုမှန်ပေါ်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။
တိုင်မိုရဲ့မိခင်ဖြစ်သူ နန်းဖနိဒါဟာ ဒီကနေ့ မတ်လ ၉ ရက်မှာ နွန်ထပူရီရဲစခန်းကို ရောက်လာစဉ် သတင်းထောက်တအုပ်ကြီးနဲ့ တိုးပြီး တယောက်တပေါက် ဝိုင်းမေးကြတာကြောင့် သတိမေ့မျောမတတ် ဖြစ်ခဲ့ရတယ်လို့ Amarin TV သတင်းမှာ ဖော်ပြပါတယ်။
သူလှေခါးပေါ်တက်စဉ် သတင်းထောက်တွေ လိုက်လာရာမှာ သူက မေးခွန်းတွေ အများကြီးမေးရင် လှေခါးပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာကြောင့် သတင်းထောက်တွေက ဝိုင်းဝန်း ချော့မော့ခဲ့ရပါတယ်။ သူဟာ သွေးတွေတက်နေကြောင်း၊ ခေါင်းလဲ မူးနောက်နေကြောင်း ပြောတာကြောင့် ရှူဆေးပေးပြီး စိတ်ပြေမှ သတင်းထောက်တွေကို စကားပြောပါတယ်။
တိုင်မိုမိခင်ဟာ လျော်ကြေး ဘတ်သန်းပေါင်း ၃၀ ကိစ္စ တီဗွီအင်တာဗျူးတခုမှာ ဖြေကြားအပြီး ပရိသတ်တွေရဲ့ ဆဲဆိုဝေဖန်မှုတွေ ခံနေရသလို အတိတ်ကကိစ္စ၊ အတွင်းရေးတွေပါ ဖော်ထုတ်ခံနေရတာကြောင့် စိတ်ဖိစီးနေတာ ဖြစ်ပါတယ်။
ဒီကနေ့ ရဲစခန်းကိုလာရတဲ့ အကြောင်းကတော့ ရဲတပ်ဖွဲ့ရဲ့ ချိန်းဆိုချက်အရဖြစ်ကြောင်း၊ လှေပိုင်ရှင်သူဌေး ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ရဲ့ နောက်ဆုံးဖွင့်ဟချက် မသိရကြောင်း၊ ဆိုရှယ်မီဒီယာလည်း မသုံးတော့ကြောင်း၊ သူတို့က အမေ့ခြေအစုံကို ဦးခိုက်တောင်းပန်ခဲ့လို့ ရာနှုန်းပြည့် ခွင့်လွှတ်တယ်လို့ ထပ်လောင်းပြောဆိုပါတယ်။
အမှုကိစ္စ ရဲတပ်ဖွဲ့က သူလုပ်စရာရှိတာ လုပ်နေကြောင်း၊ အမေ့မှာ ရှေ့နေငှါးထားပြီး နောက်ဆိုရင် သတင်းထောက်တွေနဲ့ တိုက်ရိုက်မေးဖြေ လုပ်တော့မှာမဟုတ်ဘဲ ရှေ့နေကနေတဆင့်သာ ဖြေပေးမယ်လို့ ပြောပါတယ်။
အမှုမှန်ပေါ်ပေါက်ရေး တဖက်က ဆောင်ရွက်နေတဲ့ လူထုအကျိုးဆောင်ရှေ့ (သမ့်) ကိုတော့ စိတ်ဆိုးကြောင်း၊ ခြေအစုံလာကန်တော့တောင်မှ ၁၀၀ ရာခိုင်နှုန်း ခွင့်မလွှတ်ဘူးလို့ ပြောပါတယ်။ (ဒီမတိုင်ခင် ရှေ့နေသမ့်က - တိုင်မိုအမှုမှန်ပေါ်ပေါက်ရေးအတွက် ဘယ်သူမဆို သတင်းထောက်တွေ မေးတာကို တိုင်မိုမိခင်ထံ ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာ ပေးပိုင်ခွင့်ရှိကြောင်း၊ တိုင်မိုရဲ့အမေအနေနဲ့ သတင်းပေးသူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ခွင့်မရှိဘူးလို့ ပြောခဲ့တာပါ။)
တိုင်မိုသေဆုံးမှုမှာ အမှုကိစ္စ လုံးဝဝင်မပြော၊ သတင်းမီဒီယာတွေမှာလည်း ဘာမှမဖြေဘဲ မိမိဘာသာ ကြိတ်ဆွေးနေသူကတော့ သူ့ရဲ့လက်ရှိရည်းစား Bird ပဲ ဖြစ်ပါတယ်။ သူဟာ တိုင်မို ရေထဲပျောက်ဆုံးစဉ် မအိပ်နိုင်မစားနိုင် တနေ့လုံးတညလုံး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ လိုက်ပြီး တိုင်မိုကို လိုက်ရှာနေခဲ့တာပါ။
တိုင်မိုရဲ့ အလောင်းပြန်တွေ့တော့ ကယ်ဆယ်ရေးအဖွဲ့တွေကို လက်အုပ်ချီ ခွင့်တောင်းပြီး အလောင်းကို ပွေ့ဖက် ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက် တိုင်မိုနဲ့အတူနေခဲ့တဲ့ အိမ်ကနေ ကြောင်တကောင်၊ ခေါင်းအုံး၊ ဖက်လုံးနဲ့ တိုင်မိုရဲ့ ဓာတ်ပုံတွေသာ ယူဆောင်ပြီး အိမ်ပေါ်က တိတ်တဆိတ် ဆင်းသွားခဲ့ပါတယ်။
သူ့ရဲ့ လူမှုကွန်ရက်မှာတော့ သူဟာ တိုင်မိုရဲ့အချစ်ကိုရဖို့ ၇ နှစ်တိတိ ကြိုးစားပိုးပမ်းခဲ့ပြီး ၂ နှစ်ပဲ တွဲခွင့်ပြုခဲ့တဲ့ ကံတရားကို လုပ်ရက်တယ်လို့ ရေးသားထားပါတယ်။
တီဗွီဖျော်ဖြေရေး အစီအစဉ်တခုက သူ့ကို တကြိမ်ကို ဘတ် ၅ သောင်းနှုန်းနဲ့ အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းပေမယ့် သူက ငွေမလိုချင်ကြောင်း၊ မီဒီယာမှာ ထွက်ဖို့ မနှစ်သက်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
အသက် ၃၇ နှစ်ရွယ် Bird ဟာ Stonerbkk Shop အမည်ရှိ အထည်ဆိုင်ပိုင်ရှင်ဖြစ်ပြီး လေဟာပြင်ဈေးတွေမှာလည်း ကိုယ်တိုင်လှည့်ပတ် ရောင်းချနေသူ ဖြစ်ပါတယ်။မင်းသမီးတိုင်မိုကို ကြိတ်ကြိုက်နေတာ ၁၀ နှစ်ကျော်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ ရည်းစားဖြစ်ခွင့် ရခဲ့တာပါ။
တိုင်မိုက ယခင်အိမ်ထောင်နဲ့ကွဲပြီး ဖခင်လည်း ဆုံးသွားလို့ စိတ်ကျရောဂါရနေစဉ် Bird က နှစ်သိမ့်အားပေးရင်း စိတ်ခွန်အားတွေရခဲ့လို့ တိုင်မိုကလည်း အချစ်စစ်တွေ့ပြီဖြစ်ကြောင်း အင်တာဗျူးဖိုင်လုပ်ပြီး တရားဝင် ကြေညာခဲ့ပါတယ်။
ကာယကံရှင် Bird က မီဒီယာတွေကို ရှောင်ရှားပေမယ့် သူ့နာမည်နဲ့ အကောင့်တုတွေ ထွက်ပေါ်ပြီး သတင်းမီဒီယာတွေကလည်း သူတို့အချစ်ဇာတ်လမ်းအကြောင်းကို အကျယ်တဝံ့ ထုတ်လွှင့်နေကြပါတယ်။
ထိုင်းသရုပ်ဆောင်မင်းသမီး ထိုင်းနိုင်ငံအလယ်ပိုင်း ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်လှေစီးရင်း ရေထဲပြုတ်ကျ သေဆုံးရတာနဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဒီအမှုမှာ စိတ်ဝင်စားတဲ့ လူမှုကွန်ရက်ပရိသတ်တို့က သူတို့ ထင်မြင်ချက်၊ သံသယရှိတဲ့ အချက်တွေကို သုံးသပ်ပြောဆိုနေကြပါတယ်။
အဆိုပါ အသိုင်းအဝိုင်းစုံ အလွှာစုံတို့ရဲ့ ပြောဆိုချက်တွေကို မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက စုစည်းတင်ပြထားရာမှာ အချက်ပေါင်း ၄၇ ချက်ရှိပါတယ်။
အဲဒီအချက်တွေထဲမှာ ဘန်ကောက်ရန်းဆစ်တက္ကသိုလ် ရာဇဝတ်မှုနဲ့ တရားရေးဆိုင်ရာ ဌာနမှူး ရဲမှူးကြီး ကရစ်စနဖုန်း ဖုတကွန်းကတော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတွေ ကျောက်ဖရားမြစ်နား ရောက်လာတဲ့အခါ တိုင်မိုနဲ့အတူ လှေပေါ်လိုက်လာတဲ့အဖော် ၅ ယောက် တစ်ယောက်မှ စောင့်မနေဘဲ ပြန်ကုန်တာ မဖြစ်သင့်ကြောင်း၊ ကုန်းပေါ်မှာဖြစ်ဖြစ် ရေထဲမှာဖြစ်ဖြစ် မတော်တဆထိခိုက်မှုဖြစ်ပါက အဆိုပါယာဉ်တွေကို ရဲကစစ်ဆေးပြီးမှ ရွှေ့ပြောင်းရမှာကို အဖော်တွေက လှေကို ဘာကြောင့် သင်္ဘောကျင်းမှာ သွားသိမ်းလိုက်သလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် တိုင်မိုဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ပြုတ်ကျသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး နာမည်ကြီး မင်းသမီးတယောက်အနေနဲ့ ကြုံရာမှာ အပေါ့သွားတာ၊ မရင်းနှီးတဲ့ အမျိုးသားတွေပါတဲ့ လှေပေါ်မှာ အပေါ့သွားတာ မဖြစ်နိုင်ဘဲ အပေါ့သွားချင်ပါက လှေကို ကမ်းကပ်ပေးလို့ရပြီး ကမ်းစပ်မှာ ဆိုင်တွေတပုံကြီးရှိကြောင်း၊ ရေထဲပြုတ်ကျသူကို အသက်ကယ်ဝတ်စုံတွေ မပစ်ချပေးတာနဲ့ တိုင်မိုရဲ့ ကိုယ်ရံတော် ကသစ်က တိုင်မိုရဲ့ မိခင်ကို ဝန်ချတောင်းပန် ပြောဆိုဆက်ဆံပုံတွေဟာ သဘာဝမကျကြောင်း သုံးသပ်ထားပါတယ်။
တိုင်မိုရဲ့ မိခင်က သမီးဖြစ်သူ ရေထဲကျသွားတဲ့အကြောင်း သူ့ဆီ အကြောင်းမကြားတာနဲ့ ဆင်းမကယ်ရတဲ့အကြောင်းရင်းကို မေးမြန်းရာမှာ ကိုယ်ရံတော်ကသစ်က ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ချက်ချင်းအကြောင်းမကြားတာဖြစ်ပြီး ရေငုပ်သမား မဟုတ်သလို ရေမကူးတတ်တာကြောင့် ဆင်းမကယ်တာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကသစ်က ရေမကူးတတ်ဘူးလို့ ပြောပြီးတဲ့နောက် လူမှုကွန်ရက်စုံထောက်တွေက ကသစ်က သူ့သမီးကို ရေကူးသင်ပေးနေတဲ့ ပုံဟောင်းတွေ ပြန်ရှာပြီး ဖြန့်ဝေနေကြပါတယ်။
တိုင်မိုဟာ သူမရဲ့မွေးစားသမီးလေး (ကသစ်ရဲ့ သမီးရင်း) အတွက် ဘတ် ၁ သန်းတန် မတော်တဆ ထိခိုက်မှုအာမခံ လုပ်ထားပေးပြီး လာမယ့်ဧပြီလထိ သက်တမ်းရှိပါတယ်။ သက်တမ်း မကုန်ခင် တိုင်မိုတခုခုဖြစ်ရင် အဲဒီငွေကို မွေးစားသမီးက ရပိုင်ခွင့်ရှိတာကြောင့် ဒါနဲ့ သက်ဆိုင်နေသလားလို့လည်း သံသယထားနေကြပါတယ်။
တိုင်မို ရေထဲပြုတ်ကျတဲ့အပေါ် လှေပေါ်ပါလာသူတွေရဲ့ ထွက်ဆိုချက်၊ သတင်းထောက်တွေကို ဖြေကြားချက်လည်း တယောက်နဲ့တယောက် ကွဲလွဲနေကြောင်း၊ တချို့က သူ ဘယ်အချိန်ကျသွားလဲမသိဘူးလို့ ဖြေဆိုပြီး လှေပေါ်ပါ အမျိုးသားတယောက်က တိုင်မိုဟာ အပေါ့သွားချင်လို့ သူ့ခြေထောက် နှစ်ဖက်ကို အားပြုကိုင်ထားရင်း ပြုတ်ကျတာလို့ ပြောပြန်ပါတယ်။
လှေပေါ်ပါလာတဲ့ အမျိုးသားအဖော်တစ်ယောက် လက်မောင်းက ဒဏ်ရာနဲ့ပတ်သက်ပြီးတော့လည်း သတင်းအင်တာဗျုးမှာ ဖြေကြားတာနဲ့ လူမှုကွန်ရက်က အကျယ်ချဲ့ကြည့်ပုံနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
တိုင်မိုရဲ့ ခြေတောက်က ဒဏ်ရာဟာ လှေရဲ့ ပန်ကာဒလက်နဲ့ ထိမိတာဖြစ်နိုင်တယ်လို့ ရဲက ခန့်မှန်းထားပေမယ့် စပိဘုတ်လှေကျွမ်းကျင်သူတစ်ဦးကတော့ လှေသွားနေစဉ် ပန်ကာက တခုခုနဲ့ ချိတ်မိပါက လှေတခါတည်း ရပ်သွားနိုင်ကြောင်း၊ ပန်ကာဒလက်လားရာနဲ့ လှေပေါ်က ပြုတ်ကျသူ လားရာတို့ဟာလည်း ဆန့်ကျင်ဘက်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် တိုင်မို ရေနစ်ပြီးပေမယ့် သူမရဲ့ IG ကို တစုံတယောက်က သုံးစွဲနေပြီး ဓာတ်ပုံ ၇ ပုံကို ဖြုတ်ထားကြောင်း၊ သူမလှေပေါ်မှာ သီချင်းဆိုနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မသင်္ကာစရာ အမျိုးသား စကားပြောသံ ကြားကြောင်း၊ သူတို့ဟာ အလုပ်ကိစ္စမဟုတ်ဘဲ စားသောက်ဆိုင်မှာ ထမင်းလာစားရုံပဲလို့ ကသစ်က ဖြေထားပေမယ့် အဲဒီနေ့မှာ တိုင်မိုက ဖူးကစ်ရိုက်ကွင်းကနေ အမြန်ပြန်ခဲ့တာ၊ ဒီမတိုင်ခင် သူမက သူ့အမေကို အလုပ်ကိစ္စရှိတယ်လို့ ပြောကြောင်း လူမှုကွန်ရက်က ကွဲလွဲမှုတွေကို ဆွဲထုတ်ဖော်ပြနေတာပါ။
ဒီအမှုတွဲကို ကိုင်တွယ်တဲ့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးကတော့ အပြင်မှာ ဘယ်သူတွေ ဘာပြောပြော ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအပေါ်မှာသာ မူတည်ပြီး အမှုကို ဆုံးဖြတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းသမီးတိုင်မိုရဲ့ အလောင်းပုံတွေ၊ ဒဏ်ရာနဲ့ပုံတွေကို လူမှုကွန်ရက်ပေါ်မဖြန့်ဝေဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားပေမယ့် ပုံတွေ ထွက်ပေါ်လာနေတဲ့အပေါ် ရဲကဥပဒေနဲ့ အရေးယူဖို့ ပုံစတင်ဖြန့်ဝေရာ အရင်းအမြစ်ကို စုံစမ်းလျက်ရှိပါတယ်။
အသက် ၃၇ နှစ်ရွယ် ရုပ်ရှင်သရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညက အဖော် ၆ ဦးနဲ့အတူ နွန်ထပူရီခရိုင် စားသောက်ဆိုင်တစ်ခုမှာ သွားရောက် သောက်စားရင်း စပိဘုတ်လှေစီးပြီး ပြန်လာခဲ့စဉ် လှေပေါ်က ပြုတ်ကျ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။