ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ထိတွေ့ တိုက်ပွဲပေါင်း ၄၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၄၉ ယောက် သေဆုံးပြီး ၇၅၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်ကာ တိုက်ပွဲ တွေအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃၃ ယောက် ကျဆုံးခဲ့ပြီး ၉၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေထဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှု ၂၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၃ ကြိမ်၊ ရန်သူ့လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၁၆၂ ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁၄၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဆီကနေ ဖေဖော်ဝါရီလထဲမှာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
နိုင်ငံအနှံ့အပြားရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်တပ်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီဗွီဘီကို ပြောပါတယ်။
"လက်နက်တပ်ဆင်နိုင်ရေးအတွက် ကြိုးစားစီစဥ်ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။ အရင်ကလည်းလုပ်တယ်၊ အခုလည်းလုပ်တယ်၊ နောင်လည်း လုပ်ဆောင်သွားမှာဖြစ်တယ်။ လက်နက်တပ်ဆင်ရေးကိစ္စကို ပြောရမယ်ဆိုရင် ကျနော်တို့ ဒီကိစ္စက သူ့ချည်း သက်သက် ဆောင်ရွက်လို့မရဘူးလို့နားလည်ထားပါတယ်။ လက်နက်တပ်ဆင်နိုင်ဖို့ဆိုရင် အလုပ်လေးခုကို ဆက်စပ်ပြီးတော့မှတပြိုင်တည်း ဆောင်ရွက်ရတဲ့သဘောရှိပါတယ်။ နံပတ် ၁ မွမ်းမံလေ့ကျင့်မှု ထပ်ပြီးလုပ်ရတယ်၊ နံပတ် ၂ စနစ်ကျတဲ့ကွပ်ကဲမှု၊ နံပတ် ၃ လက်နက်တပ်ဆင်ပေးရတယ်၊ နံပတ် ၄ အနေနဲ့ကတော့ တပ်ဆင်ပြီးလက်နက်အတွက် ပုံမှန်ခဲယမ်း မီးကျောက် ဖြည့်တင်းဖို့ ထောက်ပို့အလုပ်ပေါ့၊ ဒါကိုလည်း တခါတည်း လမ်းကြောင်းရှာဖွေပြီး ဆောင်ရွက်တာ မျိုးတွေ ပြုလုပ်နေပါတယ်။”
အခု ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ NUG အစိုးရက ကြေညာထားဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာတော့ တိုက်ပွဲတွေ နေရာအနှံ့မှာ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-MOD
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေရေးအတွက် စစ်ကောင်စီက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခရိုင် ၄၆ ခု အသစ်တိုးချဲ့လိုက်တယ်လို့ စစ်ကောင်စီထုတ်သတင်းစာတွေက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အရင် တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ ခရိုင် ၇၅ ခုရှိပြီး အခုအသစ်တိုးချဲ့လိုက်တဲ့ ၄၆ ခု ပေါင်းပါက ခရိုင် စုစုပေါင်း ၁၂၁ ခု ဖြစ်သွားပြီဖြစ်ပါတယ်။
အရင်က ခရိုင် ၄ ခု ရှိတဲ့ ရန်ကုန်တိုင်းမှာ ဗိုလ်တထောင်၊ ဒဂုံ၊ တွံတေး၊ ကျောက်တံတား၊ မရမ်းကုန်း၊ ကမာရွတ်၊ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီနဲ့ မင်္ဂလာဒုံခရိုင်ဆိုပြီး ၁၀ ခု တိုးချဲ့ လိုက်ပါတယ်။
မန္တလေးတိုင်းမှာ ခရိုင် ၇ ခု ရှိရာကနေ သပိတ်ကျင်း၊ တံတာဦး၊ အောင်မြေသာဇံနဲ့ သပိတ်ကျင်းခရိုင် ဆိုပြီး ၄ ခရိုင် ထပ်တိုးချဲ့လိုက်သလို ခရိုင် ၂ ခုရှိတဲ့ နေပြည်တော်မှာတော့ ပျဉ်းမနား နဲ့ ဇေယျာသိရီခရိုင် ၂ ခု ထပ်တိုးလိုက်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ယခင်ကခရိုင် ၁၁ ခု ရှိရာကနေ ရေဦး နဲ့ ဟုမ္မလင်းခရိုင်၊ တနင်္သာရီတိုင်းမှာ ခရိုင် ၃ ခုရှိရာကနေ ဘုတ်ပြင်းခရိုင်၊ ပဲခူးတိုင်းမှာ ခရိုင် ၄ ခု ရှိရာကနေ နတ်တလင်းနဲ့ ညောင်လေးပင်ခရိုင်၊ မကွေးတိုင်းမှာ ခရိုင် ၅ ခု ရှိရာကနေ ချောက်နဲ့ အောင်လံခရိုင်၊ ဧရာ၀တီတိုင်းမှာ ခရိုင် ၆ ခု ရှိရာကနေ ကျုံပျော် နဲ့ မြန်အောင်ခရိုင်စတဲ့ ခရိုင်အသစ်တွေ တိုးချဲ့လိုက်ပါတယ်။
ကချင်ပြည်နယ်မှာ ခရိုင် ၄ ခု ရှိရာကနေ တနိုင်းနဲ့ ချီဘွေခရိုင်၊ ကယားပြည်နယ်မှာ ခရိုင် ၂ ခု ရှိရာကနေ ဒီးမော့ဆိုနဲ့ မယ်ဆဲ့ခရိုင်၊ ကရင်ပြည်နယ်မှာ ခရိုင် ၄ ခု ရှိရာကနေ ကြာအင်းဆိပ်ကြီးနဲ့ သံတောင်ကြီးခရိုင်၊ ချင်းပြည်နယ်မှာ ခရိုင် ၄ ခု ရှိရာကနေ ပလက်၀ နဲ့ တီးတိန်ခရိုင်၊ မွန်ပြည်နယ်မှာ ခရိုင် ၂ ခု ရှိရာကနေ ကျိုက်ထို နဲ့ ရေးခရိုင်၊ ရခိုင်ပြည်နယ်မှာ ခရိုင် ၆ ခု ရှိရာကနေ အမ်း နဲ့ တောင်ကုတ်ခရိုင်၊ ရှမ်းပြည်နယ်မှာ ခရိုင် ၁၂ ခု ရှိရာကနေ ကလော၊ နမ့်စမ်၊ မိုင်ရှူး၊ မိုင်းယောင်း၊ မိုင်းလား၊ မိုင်းယန်းခ၊ မိုင်းတုံ၊ တန့်ယန်းနဲ့ ကွတ်ခိုင်ခရိုင်ဆိုပြီး အသီးသီး တိုးချဲ့လိုက်တာပါ။
အခုလို ခရိုင်အသစ် ၄၆ ခု တိုးချဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက အလဟဿ လူစွမ်းအားအရင်းအမြစ်တွေကို အပိုဖြုံးနေတာ၊ ပြည်သူဘ္ဍာတွေကို မလိုအပ်ဘဲ ဖြုန်းတီးတာ နဲ့ အမှန်တကယ်ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင်တောင် သူတို့အတွက် အသားစီးရဖို့ ကြိုတင်ပြင်ဆင်နေတာလို့ ဝေဖန်ပါတယ်။