အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့ လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကျ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲသပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမယ့်အချိန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုလည်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာ ထားကြဖို့အတွက် အလေးအနက် တိုက်တွန်းလိုပါတယ်။”
မတ် ၂၈ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အတင်းအကျပ်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း “တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများ အားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။ ဒါ့အပြင် ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာမထိန်းချုပ်နိုင်တော့တဲ့အပြင် လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့်ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ်ကို ဖော်ပြနေတယ်ဆိုတာ ထင်ရှားပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် NUG အစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချည့်နဲ့သွားအောင် လုပ်ဆောင်ဖို့ကလည်း တခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိနေတယ် ဆိုတာကို အမြဲသတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ကျနော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမိုကျစ်လျစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံတော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေ ဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက်မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာ ဖိတ်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ ပြန်လည်တုံ့ပြန်ချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ)
“ကေအန်ယူရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ကျနော်တို့ ဘယ်တော့မှ တခါမှလည်း မငြင်းဖူးပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကျနော်တို့လည်း ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါ ပါခဲ့တဲ့လူတွေ ဖြစ်တယ်။ စစ်တပ်နဲ့ သေချာ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ စကားပြောတာရှိတယ်။ ဒါပေမဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အခြေအနေအရ တခုမှ အလုပ်မဖြစ်ဘဲနဲ့ ကန့်လန့်ကန့်လန့်နဲ့ တောက်လျှောက်လုပ်၊ နောက်ဆုံးကျတော့ အာဏာသိမ်းတာနဲ့ အဆုံးသတ်ရတဲ့အခါမှာ ကျနော်တို့ ဒီရဲ့တွေ့လာတဲ့ အတွေ့အကြုံကောင်းနဲ့ ကျနော်တို့ရရှိလာတဲ့ သင်ခန်းစာကောင်းကို အခြေပြုပြီးတော့ လာမယ့်ဆွေးနွေးပွဲတွေဟာ ဒီလိုမျိုး ဘယ်တော့မှ အဖြစ်မခံဘူးဆိုတာ ကျနော်တို့ ယတိပြတ် ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဖြစ်ပေါ်လာမယ့် နိုင်ငံရေဆွေးနွေးပွဲဆိုရင် ကျနော်တို့လည်း ပြင်ဆင်ထားတာရှိတယ်။ ဘာလုပ်ရမလဲဆိုရင် ၁ အချက် ကျနော်တို့ တောင်းဆိုထားတဲ့၊ အထူးသဖြင့် ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေကို သူတို့က လက်ခံရမယ်။ အဲဒီအချက်တွေကို လက်မခံရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဘာမှ လာပြောစရာ အကြောင်းမရှိဘူး။
ကျနော်တို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေက ဘာမှ ဆန်းတာလည်းမဟုတ်ဘူး။ အဲဒါ ပြည်သူလူထုကိုယ်တိုင် တောင်းဆိုထားတဲ့ဟာပဲ။ ၁ အချက်က တကယ်ပြည်သူလူထုရဲ့ စိတ်ရင်းနဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ တောင်းဆိုတဲ့ဟာ ဘာလဲဆိုတော့ ၁ အချက် စစ်တပ်က နိုင်ငံရေးက ထွက်ရမယ်၊ နံပါတ် ၂ ဖက်ဒရယ်ဒီမိုကရေစီကို ပါးစပ်နဲ့ ပြောလို့မရဘူး၊ တကယ်လက်တွေ့အကောင်အထည်ဖော်ရမယ်၊ ကြေညာလိုက်ပြီးတော့ ဆက်ပြီး အကောင်အထည်ဖော်မယ်။ နံပါတ် ၃ က ဘာလဲဆိုတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို သူ လက်ခံရမယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံတကာ ပါဝင်ပတ်သက်မှုကို လက်ခံရမယ်။ ဒီဟာတွေ လက်မခံဘဲနဲ့တော့ ဘာမှ လုပ်လို့တော့ မရတော့ဘူး။ ဒီလူတွေနဲ့ ကျနော်တို့က တွေ့ကြုံခဲ့ပြီးပြီ။ ကျနော်တို့ အရင်တုန်းက ဘေးထိုင်ဘုပြောတဲ့လူတွေဆိုရင် ပြဿနာမရှိဘူး။ ကျနော်တို့က သူတို့နဲ့ ကိုယ်တိုင်ထိတွေ့ပြီးတော့ တကယ်စကားပြောတဲ့လူတွေ၊ အဲဒါကြောင့် သူတို့ ဘာတွေလုပ်လဲ၊ ဘာတွေတွေးလဲဆိုတာ ကျနော်တို့ အတွင်းက အကုန်လုံးသိတယ်။ အဲဒါကြောင့်မို့လို့ အလုပ်မဖြစ်တော့ဘူး။ အလုပ်ဖြစ်တဲ့ဟာကို ကျနော်တို့ ပြောတယ်။”
ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP အတွင်းရေးမှူး ၂)
“ဒီနေ့က အကြမ်းဖက်စစ်ကောင်စီကခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးပန်းတိုင်နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ သူကခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ပြန်လည်ဆွေးနွေးမယ့်ဟာတွေ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ ၂၀၀၈ က မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အထောက်အကူပြုစေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခု ဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ KNPP အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းကို statement တွေလည်း ကျနော်တို့ ထုတ်ထားပြီးဖြစ်တယ်။ ဒါကတကြောင်းပေါ့နော်။ ဒါကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့ သူတို့ ဒီ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဘယ်လိုမျိုး ဖြစ်နေလဲဆိုတာ ကျနော်ရှင်းပြတာဖြစ်တယ်။”
“နံပါတ် ၂ အချက်က ဒီနေ့ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ မြေပြင်အနေအထားနဲ့ ဒီနေ့သွားမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ကတော့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူးပေါ့နော်။ ဥပမာ ကျနော်တို့ ပြည်နယ်ထဲမှာက ဒီလောက်တောင် မြို့တွေ ရွာတွေ အကုန်လုံး ပျက်စီးကုန်ပြီ ဖြစ်နေတယ်။ ဒီအချိန်မှာ ကျနော်တို့က ဘယ်လိုငြိမ်းချမ်းရေးမျိုးကို ကျနော်တို့ စကားပြောရမှာလဲ။ ကျနော်တို့လူတွေကို လူမျိုးတုံးသတ်ဖြတ်တာတွေ၊ နောက်ပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေကို အကြီးအကျယ် ချိုးဖောက်နေတာတွေ မပပျောက်နိုင်ဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတော့ လက်တွေ့ သဟဇာတ မဖြစ်ဘူးပေါ့နော်။ အဲဒါတွေကိုတော့ ကျနော် မှတ်ချက်ပြုချင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီနေ့ ကျနော်တို့ ပြည်နယ်ထဲမှာဆိုလို့ရှိရင် အပြစ်မဲ့တဲ့ ပြည်သူတွေက ရာနဲ့ချီပြီး သေဆုံးခဲ့ရပြီ၊ ရာနဲ့ချီပြီး ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရတယ်၊ နောက်ပြီး ရာနဲ့ချီပြီးတော့မှ လူငယ်လူရွယ်တွေ အသက်ပေးခဲ့ကြရပြီ၊ ထောင်နဲ့ချီပြီးတော့မှ အိုးအိမ် အဆောက်အဦတွေ ပျက်စီးခဲ့ရပြီ။ ဒါတွေကို ဘယ်လိုပြုပြင်မလဲဆိုတဲ့ စဉ်းစားချက်၊ ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ဟာက အရင်ဆုံး ကျနော်တို့က လိုအပ်တယ်။ နောက်ပြီး စစ်အာဏာရှင်စနစ်က လုံးဝပပျောက်ရေးက လိုအပ်တယ်။ နိုင်ငံရေးလောကကနေပြီးမှ စစ်တပ်က မပါရေးက အဓိကဖြစ်တယ်၊ ကျနော်တို့အတွက်က။ အဲဒီအချိန်ကျမှသာ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖြစ်သင့်တယ်ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်ပါတယ်။”
ရဲဘော်သံခဲ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF) ဥက္ကဋ္ဌ)
“ကျနော့်ယူဆချက်အရ ပြောမယ်ဆိုရင် ဒီကနေ့ မြန်မာပြည်ရဲ့ ပြဿနာက ငြိမ်းချမ်းရေးပဲဆိုဆို၊ ဒီမိုကရေစီ ဖက်ဒရယ်ရေးပဲဆိုဆို ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာဟာ EAOs တွေနဲ့တင် ဆွေးနွေးနေရုံနဲ့ ရနိုင်တဲ့အဆင့် မဟုတ်တော့ဘူးလို့ ကျနော်ယူဆပါတယ်။ ဒါ ကျနော် နံပါတ် ၁ အချက် ပြောချင်တာပါ။ ဒီနေ့ပြဿနာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်နေရတဲ့ ထိပ်တိုက်တွေ့နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးကတော့ ကျနော်ယူဆတဲ့ ယူဆချက်သည် နိုင်ငံရေးမှာ တပ်မတော်က အခုလိုမျိုးပေါ့နော် ဒီအာဏာကိုသိမ်းတယ်၊ နောက်တခုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုကို နောက်ပြန်လှည့်တယ်ဆိုတဲ့ အခြေအနေက အာဏာသိမ်းမှုကြောင့်လို့ပဲ ကျနော်တို့က မြင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဒီလိုမျိုး ထပ်ပြီးတော့မှ အကြိမ်ကြိမ် မဖြစ်ဖို့အတွက်ဆိုရင် ကျနော်တို့တွေက ယုံကြည်မှုတွေ၊ အဲဒီယုံကြည်မှုတွေကလည်း ပြည်သူလူထု ယုံကြည်မှ ဖြစ်မှာခင်ဗျာ။ အဲဒီယုံကြည်မှုကလည်း ကနေ့အခြေအနေမှာ စစ်ကောင်စီအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုက အတော်ကျဆင်းနေတဲ့ အခြေအနေမျိုးဖြစ်တယ်။ တဆက်တည်းမှာပဲ ဒီနေ့ဖြစ်နေတဲ့ ပြည်သူလူထုနဲ့ ပြဿနာတွေ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရွာတွေ မီးရှို့ခံနေရတာတွေ၊ မတရား ရိုက်သတ်ခံနေရတာတွေ၊ မတရားဖမ်းဆီးနေတဲ့ အခြေအနေတွေဟာ လက်တွေ့ဘဝဖြစ်တယ်။ အဲလို လက်တွေ့ဘဝတွေကို ကျနော်တို့ ဒီလုပ်ဆောင်နေတဲ့ဟာတွေကို မရပ်ဘဲနဲ့ အခုလိုမျိုး EAOs တွေချည်း ဆက်တိုက်ဖိတ်ပြီးတော့မှ ဆွေးနွေးမယ်ဆိုရင်လည်း ဒီဆွေးနွေးပွဲတွေကတော့ ကျနော်ထင်တယ် တိုင်းပြည်အတွက် အကျိုးထက် အဆိုးတွေပဲ ပိုပြီးဖြစ်မယ်၊ ပိုပြီးတော့ပဲ ရှုပ်ထွေးစေမယ့် နိုင်ငံရေးအခင်းအကျဉ်းတွေ ဖြစ်စေနိုင်ပါတယ်။ ”
ဗိုလ်မှူးစိုင်းဆု (ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ပြောခွင့်ရသူ)
“သူတို့က ဒီနေ့ပဲ ထုတ်ပြန်တယ်၊ ပြောဆိုတယ် ဆိုတဲ့အခါကျတော့ ကျနော်တို့မှာ ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးတဲ့အတွက်ကြောင့် ကျနော်တို့ ဗဟိုကော်မတီနဲ့ စုံစုံညီညီ အများသဘောထား၊ အဲလိုအစည်းအဝေးတွေရှိပြီးမှပဲ ကျနော်တို့ အဆုံးအဖြတ်တွေ ပေးနိုင်တယ်ဆိုတော့ ကနေ့ပဲ ထုတ်ပြန်ပြောဆိုတယ်ဆိုတော့ ချက်ချင်း မက်ဆေ့ချ်တော့ မပေးနိုင်သေးဘူး။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးကို အပြုသဘောဆောင်တယ်လို့တော့ မြင်တော့မြင်တယ်။ ဒါပေမယ့် ဒီအပြောနဲ့အဆိုက ကိုက်ညီဖို့တော့ အဓိက ဖြစ်တယ်ပေါ့နော်။ အားလုံး အဲလိုမျိုး သဘောထားကျယ်ကျယ်နဲ့ ပြောတဲ့အခါကျတော့ စိတ်ထင်တော့ အားလုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမှပဲ ဖြစ်မှာပေါ့နော်။ ပြောချင်တာကတော့ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှ တနိုင်ငံလုံး အဖွဲ့ကြီးငယ်မဆို တော်လှန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့မယ်ဆိုရင်တော့ အဲလိုမျိုးသဘောထားနဲ့ အကျုံးဝင်ပြီးတော့ ပြောရင်တော့ အပြုသဘောဆောင်တယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ ဒါပေမယ့် လက်တွေ့က အဓိကဖြစ်ပါတယ်။”