close

တိုင်းရင်းသားလက်နက်ကိုင်များ

close

March 21, 2023

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပြုသဘောဆွေးနွေးမှုများ လုပ်နေဟု NUG ယာယီသမ္မတ ပြော

အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တခုတည်းသောနည်းလမ်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာဖြစ်တာမို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေ တယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ သုံးသပ်ကြောင်းနဲ့ NUG အစိုးရကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံရဲ့အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းနဲ့ မင်းအောင်လှိုင် အပါအ၀င် အကြမ်းဖက်စစ် အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို နိုင်ငံတကာစာမျက်နှာမှာ ချပြနိုင်ဖို့အတွက် အစွမ်းကုန် ဆောင်ရွက်နေကြတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို ခုံရုံးတင် အရေးယူနိုင်ဖို့အတွက် မြန်မာအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနိုင်ခဲ့တာကို အားရဖွယ်ရာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့၀င် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ၀င်းမြတ်အေးက ဘာရိန်းနိုင်ငံ မနားမားမှာ ကျင်းပခဲ့တဲ့ ဂျနီဗာအခြေစိုက် နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂ ညီလာခံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြစ်မဲ့အရပ်သားတွေ ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြောင်းကို တင်ပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလို ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မ၀ေးတော့တဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ် ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း အကြမ်းဖက် ဖက်စစ် စစ်တပ်က မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်များဆင်နွှဲပြီး အကြမ်းဖက် မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေတာတွေကြောင့် အသက်၊ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။”

လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် အားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း အသိအမှတ်ပြုကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမို ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“အခုဆိုရင် နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ရှမ်းပြည်နယ်နဲ့၊ ကရင်နီပြည် နယ်မှာ ပူးပေါင်းစစ်ဆင်ရေးတွေကို ဆင်နွှဲနေကြပါတယ်။ ဒီလိုပူပေါင်းစစ်ဆင်ရေးတွေကတဆင့် ကျနော်တို့ရဲ့ အောင်ပွဲဟာ လက်တကမ်းကို ရောက်လာမှာ မလွဲပါဘူး ခင်ဗျာ။ ဒီလိုအောင်ပွဲကို မရောက်အောင် တားမြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီက တစိုက်မတ်မတ် ဖန်တီးနေတာ တွေလည်းရှိနေပါတယ်။ ကရင်နီဒေသမှာဆိုရင် စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတာကို တွေ့ရပါတယ်။ ဒီလို အခြအနေတွေကို ကျနော်တို့ အားလုံး သတိကြီးကြီးထားပြီး တော်လှန်ရေးရည်မှန်းချက် ရောက်အောင် ခရီးဆက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

10 hours Ago

July 27, 2022

စစ်အုပ်စုက ရာဇဝတ်မှုကြီးတခုထပ်ကျူးလွန်ဟု NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကြေညာ

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီက ကွက်မျက်ခဲ့တာဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုလုံးဝမရှိတဲ့  အကြမ်းဖက် လူသတ်မှုဖြစ်ပြီး စစ်အုပ်စုဟာ ရာဇဝတ်မှုကြီးတခုကို  ထပ်မံ ကျူးလွန်လိုက်တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင်  ဖက်ဒရယ်ဒီမိုကရေစီအင်အားစုက ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်လိုက်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က အခုလို ပူးပေါင်းကြေညာလိုက်တာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို  ကျည်ဆန်အစစ်နဲ့ ဦးခေါင်းကို ပစ်ခတ်ချိန်ကစပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်အုပ်စုရဲ့ ခွင့်မလွှတ်နိုင်သော နောက်ထပ် ရာဇဝတ်မှုကြီးတခု ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် ပြည်သူလူထုကို အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေကို  ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို  ထပ်မံအတည်ပြုတာဖြစ်တယ်။ အကြမ်းဖက် စစ်ကောင်စီအား အပြုသဘော ဆက်ဆံချဉ်းကပ်တာဟာ ပြေလည်စေမယ့် အဖြေဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေသူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့ရဲ့ သဘောထားအမှန်ကို နားလည်သဘောပေါက်သင့်ပြီလို့  (NUG) အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက ပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့ကြောင့်  နိုင်ငံရေးပါတီတွေ တော်လှန်ရေးအင်အားစုတွေ၊ ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွား အားလုံးက အကြမ်းဖက်စစ်ကောင်စီနဲ့ ဖက်ဆစ်စနစ်ကို  အတူပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နည်းလမ်းပေါင်းစုံသုံးပြီး အမြစ်ပြတ်တဲ့အထိ  ပြတ်ပြတ်သားသားတော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်း၊  မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနဲ့ တော်လှန်ရေးကို ဆင်နွှဲနေတဲ့  ပြည်သူလူထုနဲ့  အင်အားစုအားလုံးကို အဘက်ဘက်က ကူညီပံ့ပိုးရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ ကိုဇေယျာ်သော်တို့အပါအဝင် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့အပေါ် ကရင့်အမျိုးသားအစည်းအရုံး KNU အနေနဲ့လည်း အပြင်းအထန် ဆန့်ကျင် ကန့်ကွက် ရှုတ်ချတယ်လို့  KNU  နိုင်ငံခြားရေးတာဝန်ခံ  ပဒိုစောတောနီးက ပြောပါတယ်။

အခုလို ဥပဒေမဲ့လုပ်ရပ်ကြောင့် အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူ့ဆန့်ကျင်မှုကို ပိုမိုကြုံတွေ့ ခံရလာနိုင်တဲ့အပြင်  နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဆန့်ကျင့်ကန့်ကွက်မှုတွေကိုပါ ပိုမို ခံစားလာရနိုင်ကြောင်းလည်း ပဒိုစောတာနီးက ဒီဗွီဘီကို ပြောပါတယ်။ 

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဖြေရှင်းဖို့ ပိုမိုခက်ခဲသွားပြီလို့  အန်စီအေ အပစ်ရပ်အဖွဲ့တွေရဲ့  နိုင်ငံရေးဦးဆောင်အဖွဲ့ PPST ကလည်း ပြောပါတယ်။

စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်လိုက်တဲ့အပေါ် အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း စိတ်မကောင်းဖြစ်နေရတယ်လို့  PPST ပြောခွင့် ဗိုလ်မှူးကြီး စောကျော်ညွှန့်က  ပြောပါတယ်။

စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေတယ်လို့လည်း PPST ဘက်ကပြောပေမဲ့ PPST အနေနဲ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုပဲ အာသီသရှိနေဆဲဖြစ်တယ်လို့  ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

PPST အနေနဲ့ ဒီမိုကရေစီနည်းအရ လွတ်လပ်စွာဆောင်ရွက်နိုင်ပေမယ့် လက်ရှိအခင်းအကျင်း အရတော့ အဲဒီလမ်းကြောင်းက အလုပ်မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း PPSTရဲ့ အဲဒီအာသီသက အလုပ်မဖြစ်နိုင်တော့သလို  ငြိမ်းချမ်းရေးဆွေးနွေးနိုင်တဲ့ ခေတ်မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ်ပေးမှုကြောင့် တော်လှန်ရေးလမ်းကြောင်းက ပိုပြီးအား ကောင်းလာဖို့ပဲရှိတယ်လို့လည်း  လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

PPST အဖွဲ့မှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်ပြီး  အဖွဲ့ဝင်တချို့ဟာ မကြာသေးခင်ကမှ နေပြည်တော်မှာ စစ်ခေါင်းဆောင်ကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ထိရောက်ပြီး အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတော့ မဖြစ်ခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့  ရက္ခိုင့်တပ်တော် (အေအေ)ကတော့  စစ်ကောင်စီရဲ့ အခုလို သေဒဏ်စီရင်မှုဟာ  ပြည်သူတွေကို စိန်ခေါ်လိုက်တာလို့ သဘောထား ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ တောင်းဆိုမှုကို ဆန့်ကျင်ပြီး သွေးအေးအေးနဲ့ နိုင်ငံရေးရာဇဝတ်မှုဖြစ်တဲ့ လူသတ်မှုကို ကျူးလွန်လိုက်တာလို့ ပြောပါတယ်။

8 months Ago
Up