ကစားသမားဘဝကုန်ဆုံးချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း ကွင်းလယ်လူ တိုနီခရူးစ်က ပြောပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူဟာ လာမယ့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်လို့ ရာသီကုန်ဆုံးချိန်မှာ ဆုံးဖြတ်သွားရမှာပါ။
နည်းပြ အန်စလော့တီကတော့ တိုနီခရူးစ်ဟာ အခုနှစ်ရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူနိုင်တယ်လို့ အရိပ်အမြွက်ပြောဖူးပါတယ်။
တိုနီခရူးစ်ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမယ့် သူ့ရဲ့ ကစားသမားဘဝကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲကုန်ဆုံးမှာဖြစ်ကြောင်း မီဒီယာတွေကို အတိအလင်းပြောခဲ့တာပါ။
ခရူးစ်ဟာ ဂျာမနီအသင်းကနေလည်း အနားယူခဲ့သူပါ။ မက်ဒရစ်ကလပ်မှာ ဆက်ရှိချင်တယ်ဆိုရင်တော့ နှစ်ရှည်စာချုပ်ချုပ်ဆိုသွားရဖို့ရှိနေတာပါ။
ကလပ်အသင်းဘက်ကတော့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဗယ်ဗာဒီ၊ ကာမာဗင်ဂါနဲ့ ချူအာမန်နီတို့ရဲ့ တိုးတက်လာတဲ့ခြေစွမ်းတွေကြောင့် တိုနီခရူးစ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကွင်းလယ်လူ တိုနီခရူးစ်က ကြေညာလိုက်ပါတယ်။
ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ အင်္ဂလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆိုရှယ်မီဒီယာကနေလည်း အသင်းပရိသတ်တွေကို နှုတ်ဆက်စာရေးသားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ နီးကပ်နေပေမယ့် မိသားစုနဲ့ ကလပ်အသင်းအတွက် ပိုမိုအာရုံစိုက်ချင်တာကြောင့်ဖြစ်တယ်လို့ ခရူးစ်က ရေးသားထားပါတယ်။
“ဂျာမန်ဂျာစီကို နှစ်အတော်ကြာတဲ့အထိ ဝတ်ဆင်ကစားခွင့်ရခဲ့တာက အထူးဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ဂုဏ်ယူမှုတွေ ချစ်မြတ်နိုးမှုတွေနဲ့ ကစားခဲ့တာပါ။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဲဒီလိုပဲ ဝေဖန်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြ ဂျိုအာချင်လိုးကိုလည်း ကျေးဇူးတင်ပြီး ကျနော်ကို ယုံကြည်စွာနဲ့ လက်ရွေးစင်နဲ့ ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်။ နည်းပြသစ် ဟန်ဆီဖလစ်အနေနဲ့လည်း အောင်မြင်မှုတွေရရှိပါစေ” လို့ ခရူးက ပြောပါတယ်။
အသက် ၃၁ နှစ်ရှိ ခရူးစ်ဟာ ဂျာမနီအတွက် ၁၀၉ ပွဲကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ချန် ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။