ပေကျင်းမြို့လယ် တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တရုတ်ပြည်မကြီး အစိုးရက သွေးချောင်းစီးအောင် နှိမ်နင်းခဲ့တဲ့အရေးအခင်း ၃၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်ဝမ်မြို့တော်၊ ထိုင်ပေမှာ ဇွန် ၄ ရက်က ကျင်းပရာမှာ ရာချီတဲ့လူတွေ စုရုံးခဲ့ကြပြီး တက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်မကြီးက အုပ်ချုပ်နေတဲ့ ဟောင်ကောင်မှာတော့ ဆန္ဒပြမှုတွေကို ဟန့်တားဖို့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။
ဇွန် ၄ ရက်နေ့ဟာ ပေကျင်းမြို့လယ်ရင်ပြင် ပတ်လည်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲကို တရုတ်စစ်သားတွေက တင့်ကားတွေ၊ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ပါ။
၁၉၈၉ ဇွန် ၄ ရက်က ဒီဖြစ်ရပ်မှာ သေဆုံးသူ အရေအတွက်ကို တရုတ်အစိုးရက ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါဘူး။ လူ့အခွင့်အရေးအုပ်စုတွေနဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူ ထောင်ချီတယ်လို့ ခန့်မှန်းကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်ပြည်မကြီးမှာ ဘယ်လို လူထုအထိမ်းအမှတ်ပွဲကိုမဆို တားမြစ်ပိတ်ပင်ထားပါတယ်။
ဟောင်ကောင် အာဏာပိုင်တွေဟာလည်း အလားတူ တင်းကျပ်ထားလို့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်သာလျှင် တရုတ်စကားပြောတဲ့ကမ္ဘာမှာ ဒီအထိမ်းအမှတ်ပွဲကို ပွင့်ပွင့်လင်းလင်း သတိရနိုင်တဲ့နေရာ ဖြစ်နေပါတယ်။
တီယန်နန်မင် ဆန္ဒပြပွဲ နှိမ်နင်းခံရတဲ့ အထိမ်းအမှတ်အနေနဲ့ ဟောင်ကောင်တက္ကသိုလ်ထဲမှာ နှစ် ၂၀ လောက် တပ်ဆင်ထားခဲ့အပြီး ဖယ်ရှားခံခဲ့ရတဲ့ အရှက်တရားမှတ်တိုင်လို့ နာမည်ပေးထားတဲ့ ရုပ်တု ပုံစံသစ်ကိုလည်း ထိုင်ပေမြို့တော်က တက်ကြွလှုပ်ရှားသူတွေက တပ်ဆင်ခဲ့ကြပါတယ်။
ရုပ်တု တပ်ဆင်အပြီးမှာ ဟောင်ကောင်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေး ခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေး မဆိုက်ခင်က နှစ်စဉ် ဆုတောင်းပွဲလုပ်တဲ့ ဟောင်ကောင်က ဗစ်တိုးရီးယား ပန်းခြံရှိရာ ရိပ်သာလမ်းရဲ့ အဓိကအစိတ်အပိုင်းတွေကို အာဏာပိုင်တွေက ပိတ်ဆို့ထားပြီး တရားမဝင် မစုဝေးကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။