close

တီးတိန်မြို့

close

November 15, 2021

တီးတိန်မြို့နယ်တွင် မီးနေသည် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မီးနေသည် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညက တီးတိန်မြို့နယ် အပ်လွယ်ရွာမှာ နေထိုင်တဲ့ မီးနေသည် အမျိုးသမီးတယောက်ကို  စစ်ကောင်စီတပ်သားတွေက အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး နေအိမ်က အဖိုးတန် လက်ဝတ်ရတနာတွေကိုလည်း ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးရဲ့ ခင်ပွန်းကိုတော့ အဲဒီအချိန်မှာ ဝပ်ခိုင်းထားပြီး ရိုက်နှက်ကန်ကျောက် အနိုင်ကျင့်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အရှက်တရားနဲ့ အသက်၊ အခွင့်အရေးတို့ကို ချိုးဖောက်တာဖြစ်ပြီး ချင်းတမျိုးသားလုံးနဲ့ မြန်မာပြည်သူတွေကို စော်ကားတာပဲ ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဓမ္မမှု ကျူးလွန်သူနဲ့ ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး အနေနဲ့ ဒီဖြစ်စဉ်အတွက် တာဝန်ယူရမှာဖြစ်ပြီး မင်းတပ်လူထုနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပါတယ်။

14 mins Ago

August 26, 2021

တီးတိန်မြို့တွင် စစ်ကောင်စီဘဏ်စောင့် ရဲ ၃ ဦး ပစ်သတ်ခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ် ၃ ယောက် ဩဂုတ် ၂၅ ရက်မနက်က ဘဏ်ရှေ့မှာ ပစ်သတ်ခံရပါတယ်။ 

မနေ့မနက် ၁၁ နာရီခွဲကျော်လောက်က လက်နက်ကိုင်ထားသူ ၄ ယောက်က   လာရောက်ပစ်သတ်သွားတာလို့  မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဒီနေ့မနက် တီးတိန်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေ တင်းကျပ်ထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

CDF တွေက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကာ ကိုင်ဆောင်ထားတဲ့ လက်နက်ငယ်အချို့နဲ့ ဘဏ်အတွင်းရှိ ငွေတွေကို ပါသွားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဘဏ်မှာ သာမန် ငွေထုတ်သူအသွင်နဲ့ ရောက်ရှိလာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနီး ချဉ်းကပ်ကာ ပစ္စတိုသေနတ်တွေနဲ့ အလစ်အငိုက်အနီးကပ်  ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ကျည်ထိမှန် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDF တွေက သေနတ်ပစ်ဖောက် အသံပေး ခြောက်လှန့်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ဘဏ်အတွင်းရှိရုံးလုပ်ငန်းသုံးပစ္စည်းတွေ ရိုက်ခွဲ ဖျက်ဆီးကာ ကွန်ပျူတာနဲ့ CCTV ကို ပစ်ခတ်သွားသလို  ငွေကျပ် ၃၈၈ သိန်းကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ငယ်တချို့ကို ယူပြီး  ဘဏ်အတွင်းမှ ပြန်ထွက်သွားတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး  CDF ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ပြန်လည်တုံပြန်ပြန်ပြောတာမတွေ့ရသေးပါဘူး။

PHOTO_MOI

3 months Ago
Up