ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြနာဂယ်စ်မန်းကို ထုတ်ပယ်လိုက်ပြီးနောက် ချဲလ်ဆီးနည်းပြ ဟောင်း သောမက်စ်တူချယ်ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ၁၀ ရာသီဆက်တိုက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပေမဲ့ အခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းနဲ့ တစ်မှတ် အကွာ အဆင့်နှစ်နေရာကိုရောက်ရှိနေတာပါ။
ဒီအခြေအနေကြောင့် နာဂယ်စ်မန်းကိုထုတ်ပယ်ဖို့ ဘိုင်ယန်အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပြီး ဒေါ့မွန်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးနည်းပြဟောင်း တူချယ်ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်နဲ့ခေါ်ယူခန့်အပ်ခဲ့တာပါ။
နာဂယ်စ်မန်းကို နှစ်ရှည်ကိုင်တွယ်စေဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စွမ်းဆောင်ရည်ကျဆင်းပြီး စွဲဆောင်မှုရှိတဲ့ကစားပုံလည်း မရှိခဲ့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဘိုင်ယန်အမှုအောင်အရာရှိချုပ် အိုလီဗာခမ်းက ပြောပါတယ်။
ဘိုင်ယန်နည်းပြသစ်ဖြစ်လာတဲ့ သောမက်စ်တူချယ်ဟာ လာမယ့် ဧပြီ ၁ ရက်မှာ အသင်းဟောင်း ဒေါ့မွန်နဲ့ပွဲကို ဘိုင်ယန်နည်းပြဘဝပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူသွားရမှာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မှတ်ချက်မပေးလိုကြောင်း နည်းပြ တူချယ်က ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ဟောင်းတူချယ်ကို လက်ရွေးစင် နည်းပြသစ်အဖြစ် နည်းပြဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
နည်းပြတူချယ်ကတော့ လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ချင်ပေမဲ့ အင်္ဂလန်အသင်းမှာ ကောင်းမွန်တဲ့နည်းပြ တဦး ရှိနေကြောင်း ပြောပါတယ်။
အင်္ဂလန်အသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်သလို ထူးချွန်တဲ့ ကစားသမားတွေလည်း ရှိကြောင်း နည်းပြတူချယ်က ချီးကျူးပါတယ်။
ဒါပေမဲ့ အင်္ဂလန်နည်းပြသစ်အဖြစ် ထင်ကြေးပေးနေကြတဲ့ အပေါ်မှာတော့ မှတ်ချက်မပေးလို ကြောင်း နည်းပြသောမက်စ်တူချယ်က ပြောပါတယ်။
ဆက်လက်ပြီး အနာဂတ်မှာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်း တသင်းကိုတော့ တာဝန်ယူဖို့ လက်ခံစဉ်းစားမှာဖြစ်ကြောင်း ဂျာမန်နည်းပြတူချယ်က ပြောသွားပါတယ်။