တူမီးထီအပတ်စဉ် ၁၂ ကနေ ရရှိတဲ့ ရန်ပုံငွေကျပ် ၃၂ သိန်းကျော်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF-Kanpetlet ဆီ ထောက်ပို့ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
တူမီးထီကိုတော့ ချင်းပြည် တော်လှန်ရေးအင်အားစုတွေအတွက် စနစ်တကျ ရန်ပုံငွေ ရှာဖွေနိုင်မယ့် နည်းစနစ် ရှာဖွေလိုတာအပြင် ဖက်ဒရယ်နိုင်ငံမှာ ကျင့်သုံးကြတဲ့ ဖက်ဒရယ်ထီ (ခေါ်) ပြည်နယ်အခြေပြု ထီလုပ်ငန်း စမ်းသပ်အကောင်အထည်ဖော်လိုတာကြောင့် စတင်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ တူမီးထီကနေ ရရှိတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့နေတာဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ပေးအပ်နေကာ ကျန်တဲ့ ၅ ရာခိုင်နှုန်းကိုတော့ အိုင်တီနည်းပညာ လုပ်ငန်းတွေအတွက် အရေးပေါ် ဘဏ္ဍာငွေအဖြစ် ထားရှိနေတာလို့ သိရပါတယ်။
တူမီးထီကို အရင်ကတော့ အကောင့်ဖွင့်ပြီးမှ ထိုးနိုင်တာဖြစ်ပေမဲ့ လတ်တလောမှာတော့ အကောင့်ဖွင့်စရာမလိုတော့ဘဲ တူမီးထီရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တူမီးထီဟာ လောင်းကစားထီမဟုတ်ဘဲ တော်လှန်ရေးကာလ ရန်ပုံငွေ ရှာဖွေနိုင်ရေးအတွက် ယာယီသတ်မှတ်ထားတဲ့ အမည်နာမတခုသာဖြစ်ကာ နောင်ကာလမှာ ချင်းပြည်အစိုးရသစ် ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အစိုးရဆီ တရားဝင် အပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ချင်းပြည်နယ်ထဲက မြို့နယ် ၉ ခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲတွေ ရာနဲ့ချီဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှုတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်မှုတွေလည်း များစွာရှိနေခဲ့တာပါ။
တဆက်တည်းမှာပဲ ပြည်နယ်ထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နေအိမ်နဲ့ အဆောက်အအုံတွေ ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းနီးပါးထိ ရှိလာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
တူမီးထီ အစီအစဉ်ကနေ ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့မှာ ထီဖွင့်လှစ်ရောင်းချခဲ့ပြီး မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းတခုမှ ကလေးသူငယ်တွေ ပညာရေးအတွက် အိန္ဒိယရူပီး ၄၀,၀၀၀ (မြန်မာငွေ ကျပ် ၁၃ သိန်းကျော်) တန်ဖိုးရှိတဲ့ စာရေးကိရိယာတွေနဲ့ မုန့်ပဲသရေစာတွေကို ဖေဖော်ဝါရီလ ၂၇ ရက်မှာ CRFP (တူမီးထီ) အဖွဲ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။
CRFP တာဝန်ရှိသူတဦးက “မီဇိုရမ်ဘက်က စခန်းတခု၊၊ နောက် မြန်မာဘက် CDf - Zotung နဲ့ CDF - Mara အောက်မှာရှိတဲ့ ပညာရေးကို လှူတာပါ။ ၃ နေရာ လှူပါတယ်။ အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ စခန်းတခုတည်းမှာရှိတဲ့ ကလေးငယ် ၁၄ ယောက်အတွက် ရူပီး ၄၀,၀၀၀ (ကျပ် ၁၃ သိန်းကျော်) ဖိုးပါ။ ကျန်တာက မြန်မာပြည်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားစု CDF လက်အောက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအတွက် ရူပီး ၂၀,၀၀၀ တဖွဲ့၊ မြန်မာငွေ ကျပ် ၆၂၀,၀၀၀ ကျော် တဖွဲ့ပါ။ စုစုပေါင်း ရူပီး ၆၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၆၂၀,၀၀၀ ကျော် လှူဒါန်းခဲ့ကြတာ” လို့ ပြောပါတယ်။
ချင်းအမျိုးသားနေ့ထီကို တစောင် ၂ ဒေါ်လာနှုန်းနဲ့ ရောင်းချခဲ့ကာ စုစုပေါင်း စောင်ရေ ၇၁၂ စောင် ရောင်းချနိုင်ခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက် စိန်ရတု ချင်းအမျိုးသားနေ့မှာ ကံထူးရှင် စာရင်းကို ကြေညာခဲ့ပြီး ထီရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ချင်းရန်ပုံငွေအဖွဲ့ - CRFP အနေနဲ့ တူမီးထီ ဆိုတဲ့ အွန်လိုင်း ကံစမ်းမဲထီကို ဖွင့်လှစ်လာတာ အပတ်စဥ် ၁၀ အထိရှိနေပြီး ရထားတဲ့ တော်လှန်ရေး ဘဏ္ဍာငွေဟာလည်း ကျပ် သိန်း ၃၀၀ ကျော်ရှိကာ ချင်းတော်လှန်ရေးအင်အားစုတွေထံ ဖြန့်ဝေထားပါတယ်။
ရှေ့ဆက်ပြီး တူမီးထီ ရောင်းအားမြှင့်တင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ပြီး တော်လှန်ရေးအတွက် ဘဏ္ဍာငွေ ပိုမိုရှာဖွေထောက်ပံ့နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ CRFP က ပြောပါတယ်။