close

တောင်ကလေးရဲကင်း

close

November 21, 2022

တောင်ကလေး ရဲကင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ လာရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက DVB ကို ပြေပါတယ်။

တောင်ကလေးကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲကင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲကင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ နီးပါးအကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲကင်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီ ရဲကင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ တပ်သား ၅ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရဲကင်းတိုက်ခိုက်မှုမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မုဒုံမြို့နယ် အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးထားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ကလေး ကျေးရွာအပါအဝင် အနီးနားကျေးရွာက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ် တောင်ကလေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ခရီးသည်ကားတွေ ရာနဲ့ချီပိတ်မိနေပြီး ခရီးသည်ကားတချို့ကတော့ ပြေးဆွဲမှု ယာယီ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

9 hours Ago

ကျိုက်မရော တောင်ကလေးရဲကင်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

မွန်​ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက တောင်ကလေးရွာက ရဲကင်းစခန်းကို နိုဝင်ဘာ ၂၁ ရက်က KNLA  ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီမနက် ၅ နာရီခွဲက တောင်ကလေးရဲကင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA  ပူးပေါင်းတပ်တွေ ဝင်တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲနာရီဝက်ကြဖြစ်ပွားခဲ့ပြီးနောက်   မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူရော မြေပြင်ကနေပါ လက်နက်ကြီး ပစ်ကူ​​ပေးနေတာလို့ သိရပါတယ်။

တောင်ကလေးရွာခံတဦးက “မနက်ကတော့ ရဟတ်ယာဉ် သုံးစီးနဲ့ လာပစ်သွားတယ်၊ အခုလည်း ဂျက်ဖိုက်တာ နောက်တစ်စီး ထပ်ရောက်လာပြီး ပစ်နေတာ၊ မနက် ၁၀ နာရီကျော်သွားပြီး အခုထိ ပစ်တုန်းပဲ”လို့ ပြောပါတယ်

စစ်တပ်က လေယာဉ်နဲ့ အဆက်မပြတ် လာရောက် ပစ်ခတ်နေတဲ့အပြင် မုဒုံအမြောက်တပ်က လည်းလက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်နေတာကြောင့်  တောင်ကလေးရွာသားတွေ နေအိမ် တွေမှာ ပုန်းခိုးနေရတယ်လို့  သိရပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပေမဲ့ နှစ်ဖက်တပ်တွေ သေဆုံး ဒဏ်ရာရ အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိရှိရသေးပါဘူး။

အလားတူ ရွာချင်းကပ်လျက် ကြံတောရွာမှာလည်း ပစ်ခတ်တာတွေ ရှိပြီး ရွာသားတွေ ရော်ဘာခြံတွေမှာ ပုန်းနေကြရာကာ  မြစ်အရှေ့ဘက်ကမ်းရွာတွေထိ ​ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ရာ ဒေသဘက်ကို ဆက်သွယ်သွားလာတဲ့ လမ်းတွေဖြစ်တဲ့ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းကို အသုံးမပြုဖို့  လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာမှာ ရှိတဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက် မီးရှို့ခဲ့သလို တိုက်ခိုက်မှုအတွင်း စစ်တပ်က လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့ပါတယ်။

20 hours Ago
Up