close

တောင်ကိုရီးယားကမ်းရိုးတန်း

close

February 6, 2023

တောင်ကိုရီးယားကမ်းရိုးတန်းတွင် ငါးဖမ်းလှေ နစ်မြုပ်ပြီး ၉ ဦး ပျောက်ဆုံး

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ကမ်းရိုးတန်းဒေသမှာ ငါးဖမ်းလှေတစ်စီး နစ်မြှုပ်ခဲ့တာ ကြောင့် ဖေဖော်ဝါရီ ၅ ရက်အထိ လူ ၉ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ရှာဖွေကယ်ဆယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့  သမ္မတကလည်း တိုက်တွန်းထားပါတယ်။ ဒီငါးဖမ်းလှေဟာ ဖေဖော်ဝါရီ ၄ ရက် ညသန်းခေါင်အချိန်မတိုင်မီမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက လှေလုပ်သား ၃ ဦးကိုတော့ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။ 

ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာ တိမ်းမှောက်ခဲ့တဲ့ ငါးဖမ်းလှေနားကို ကယ်ဆယ်ရေးလှေ တစ်စီးက ချဉ်းကပ်လာခဲ့ပြီး အနီရောင် လှေကိုယ်ထည်နားမှာ လှေလုပ်သား ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့တာပါ။ 

ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောတွေဟာလည်း နောက်ထပ်ပျောက်ဆုံးနေတဲ့ လူ ၉ ဦးကို အခင်းဖြစ်ရာ ဧရိယာ တစ်ဝိုက်မှာ ပိုက်စိပ်တိုက် ရှာနေပါတယ်။ 

သမ္မတ ယွန်ဆွတ်ခ်ယိုလ်ကတော့ ရေတပ်အပါအဝင် အရပ်ဘက်အင်အားတွေအနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးမှာ အကူအညီပေးကြဖို့ အမိန့်ပေးခဲ့တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဇန်နဝါရီလနှောင်းပိုင်းတုန်းကလည်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ကြားမှာ ကုန်တင်သင်္ဘော တစ်စင်း နှစ်မြှုပ်ခဲ့တဲ့အတွက် လူ ၈ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

4 mins Ago
Up