ဂျပန်နိုင်ငံအပေါ် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်က ဒုံးကျည်တစင်းကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
အမေရိကန်လုပ် ATACMS တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစုံကို ပစ်ခတ်ခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံထုတ် ဟျွန်မူး-၂ ဒုံးကျည်ဟာ ပစ်လွှတ်ပြီး မကြာမီ ပျက်ကျသွားခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ကြောင်း စစ်တပ်တွေက သီးခြားစီ အတည်ပြုပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဟာ အောက်တိုဘာ ၄ ရက် မတိုင်ခင်က တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ကျော်လွန်ရောက်ရှိခဲ့တာကြောင့် အဲဒီနေရာမှာ နေထိုင်သူတွေကို အကာအကွယ်ယူဖို့ သတိပေးချက် ထွက်ပေါ်လာခဲ့ပါတယ်။ ပြုံယမ်းရဲ့ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့က အပြင်းထန်ဆုံး စကားအသုံးအနှုန်းတွေနဲ့ ရှုတ်ချလိုက်ပြီး ဥရောပသမဂ္ဂက ဒါကို “မဆင်မခြင် နှောင့်ယှက်တဲ့လုပ်ရပ်” လို့ ခေါ်ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်က မြောက်ကိုရီးယားနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့က အဖွဲ့ဝင် ၁၅ ဦးပါအဖွဲ့နဲ့ ပွင့်လင်းမြင်သာစွာ လူသိရှင်ကြား ဆွေးနွေးမှုကို ဆန့်ကျင်ခဲ့ကြကြောင်း သံတမန်တွေက ပြောပါတယ်။