တောင်ကိုရီးယားလေတပ်က လေယာဉ် ၂ စီးဟာ သင်တန်းလေ့ကျင့်နေချိန် ဧပြီ ၁ ရက်နေ့က လေထဲမှာတင် တိုက်မိခဲ့လို့ လေယာဉ်မှူး ၄ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စစ်သည်စုစုပေါင်း ၁၃၀၊ ရဲအရာရှိ ၉၅ ယောက်နဲ့ မီးသတ်သမား အယောက် ၆၀ လောက်ဟာ ရဟတ်ယာဉ် ၃ စီးနဲ့ ပျက်ကျတဲ့နေရာကို ရှာခဲ့တာလို့ ဒေသန္တရအစိုးရ အရာရှိတွေကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် ယုံဟပ် သတင်းဌာနက ရေး ပါတယ်။
ကေတီဝမ်း အမျိုးအစားလေယာဉ်ဟာ ဆာချွန်မြို့ အရှေ့တောင်ဘက် အခြေစိုက်စခန်းရဲ့ တောင်ဘက် ၃ ဒသမ ၇ မိုင်အကွာမှာ ပျက်ကျခဲ့တာလို့ လေတပ်က ပြောပါတယ်။
အရေးပေါ်လွတ်မြောက်ရေး ကြိုးစားခဲ့ပေမယ့် လေယာဉ် ၂ စီးပေါ်ပါသူ သင်တန်းသား လေယာဉ်မှူး ၂ ယောက်နဲ့ နည်းပြ ၂ ယောက် အားလုံး သေဆုံးခဲ့တယ်လို့ လေတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းစာနာကြောင်း သမ္မတ မွန်းဂျေးအင်းက ပြောခဲ့ပါတယ်။
အရပ်သားသေဆုံးမှု မရှိဘူးလို့ လေတပ်က ပြောပေမယ့် မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းနဲ့ အပျက်အစီးကို ချင့်တွက်ဖို့ အရပ်သားတွေ ပါဝင်တဲ့ အဖွဲ့တရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
ကေတီဝမ်း လေယာဉ်ဟာ အင်ဂျင်တလုံးတပ် လေ့ကျင့်ရေးနဲ့ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပြီး အစိုးရပိုင် ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနဲ့ ကိုရီးယားလေကြောင်း အာကာသလုပ်ငန်းတို့ ပူးတွဲတည်ဆောက်ထားတဲ့ လေယာဉ်လည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားလေတပ်က အမျိုးသမီးတပ်ကြပ်ကြီးတစ်ယောက်ဟာ မေလမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ လိင်ပိုင်းစော်ကားခံရပြီး သူ့ကိုယ်သူ သတ်သေခဲ့တဲ့အတွက် စစ်တပ်ရဲ့ တရားရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်တွေက ဆော်သြခဲ့ ကြပါတယ်။
တောင်ကိုရီးယားလေတပ်က အမျိုးသမီး တပ်ကြပ်ကြီးဟာ မတ်လမှာ လုပ်ဖော်ကိုင်ဖက်ရဲ့ ကိုယ်ထိလက်ရောက် စော်ကားတာခံရအပြီးမှာ အထက်အရာရှိတွေက ဒီကိစ္စကို ဖုံးဖိထားဖို့ ကြိုးစားခဲ့ကာ သူ့ကို အတင်းကျေအေးခိုင်းခဲ့တယ်လို့ သူ့မိသားစုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။
နောက်ပိုင်းမှာတော့ စစ်တပ်ခုံရုံးက ရှေ့နေတွေဟာ အချိန် ၂ လနီးပါး ကြာအောင် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို စစ်မေးဖို့ ဘယ်တုန်းကမှ မဆင့်ခေါ်ခဲ့ဘူးလို့ သူတို့က ပြောပါတယ်။
တပ်ကြပ်ကြီးဟာ တာဝန်ထမ်းဆောင်နေဆဲမှာ လိင်ပိုင်း စော်ကားခံခဲ့ရအပြီး လုပ်ဖော်ကိုင်ဖက်တွေဆီက အပြုသဘော မဆောင်တဲ့ တုံ့ပြန်ချက်တွေကြောင့် မတိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကမ်းတက်စစ်တပ်ဖွဲ့ ဗိုလ်ကြီးဟောင်းနဲ့ အခုတော့ လူ့အခွင့်အရေး လှုပ်ရှားသူ ဖြစ်နေတဲ့ ဆိုးလ်မြို့က တစ်ယောက်က ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီးကတော့ ဖုံးကွယ်ပေးတာကို ရည်ညွှန်းရင်း အရေးယူ ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ စစ်တပ်ရဲ့ အစဉ်အလာကို ပြောင်းလဲဖို့ ပျက်ကွက်ခဲ့လို့ တောင်းပန်ခဲ့ပါတယ်။
ပူးတွဲစစ်ဦးစီးအရာရှိချုပ်ကလည်း ဒီအမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနဆီ လွှဲပေးခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ တရားရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲဖို့ ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်။ စစ်သည်အင်အား ၆ သိန်းကျော် ရှိပြီး စစ်မှုမထမ်း မနေရ စနစ်ကို ကျင့်သုံးတဲ့ တောင်ကိုရီးယား စစ်တပ်ဟာ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။