တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘက်ဟာ ဒီဇင်ဘာ ၂၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စတင်အကျုံးဝင်မယ့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဒီနေ့မနက်အစောပိုင်းက အစိုးရအဖွဲ့ အစည်းအဝေးမှာ လက်ရှိ သမ္မတ ယွန်းဆွတ်ခ်ယိုးက အတည်ပြုခဲ့တာ ဖြစ်ပြီး အဲဒီနောက် တရားရေးဝန်ကြီး ဟန်ဒုံဟွန်းက ကြေညာခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ်ရှိ သမ္မတဟောင်း လီဟာ အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတာဖြစ်ပြီး အကျဉ်းချခံရတဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသမ္မတဟောင်း ဖြစ်ပါတယ်။
သမ္မတဟောင်း လီရဲ့ ထောင်ဒဏ်ကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပေမဲ့ တခါတလေ သူဟာ ဆေးရုံတက်ဖို့ ခေတ္တခန လွတ်မြောက်ခဲ့ပါသေးတယ်။
ဟွန်ဒိုင်း ဆောက်လုပ်ရေးရဲ့ အမှုဆောင်ဟောင်းလည်းဖြစ်တဲ့ လီမြောင်ဘက်ဟာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်မရခင် တောင်ကိုရီးယားမြို့တော် ဆိုးလ်ရဲ့ မြို့တော်ဝန်ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရာထူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။